တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၏ မြို့လယ်နေရာတစ်ခုတွင် အောက်တိုဘာလ (၂၉) ရက် ညပိုင်းက ကျင်းပသည့် ဟောလိုးဝင်းပွဲတော်အတွင်း လူအုပ်စုလဲပြိုကျမှုကြောင့် လူ (၁၄၉) ဦး သေဆုံးပြီး (၁၅၀) ကျော် ဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက အတည်ပြုသည်။
ဆိုးလ်မြို့လယ် Itaewon ခရိုင် လမ်းမများတစ်လျှောက်တွင် ကျင်းပသည့် ဟောလိုးဝင်းပွဲတော်အတွင်း လူအုပ်စုလဲပြိုကျမှုကြောင့် အောက်တိုဘာလ (၂၉) ရက် ဒေသစံတော်ချိန် ည (၁၁) နာရီခွဲအထိ စာရင်းများအရ အနည်းဆုံး လူ (၅၀) ဦးမှာ နှလုံးရပ်သွားခဲ့သည်ဟု မီးသတ်ဌာန အရာရှိများက အစောပိုင်းတွင် ပြောခဲ့သည်။
အခြား လူအများအပြားကို အနီးအနားရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ရကြောင်းလည်း သိရသည်။
ဟောလိုးဝင်းပွဲတော်တွင် လူအုပ်စုလဲပြိုမှုကြောင့် လူ (၁၀၀) ဝန်းကျင် ဒဏ်ရာရခဲ့ကြောင်းနှင့် လူ (၅၀) ခန့်ကို နှလုံးရပ်သွားမှုကြောင့် အရေးပေါ်အသက်ကယ်နည်းဖြင့် ကုသပေးနေကြောင်း ဒေသစံတော်ချိန် အောက်တိုဘာလ (၃၀) ရက် နံနက်အစောပိုင်းအထိ သိရှိရသည့် အခြေအနေကို တောင်ကိုရီးယားမီးသတ်ဌာနမှ အရာရှိတစ်ဦးဖြစ်သူ Choi Cheon-sik က ကနဦး ပြောခဲ့သည်။
Hamilton ဟိုတယ်အနီး လမ်းကျဥ်းတစ်ခုတွင် လူအုပ်စုကြီးက ရှေ့သို့ရောက်ရန် စတင်တွန်းခဲ့ရာမှ လူအုပ်စုလဲပြိုကျခဲ့သည်ဟု ယူဆရကြောင်း မီးသတ်အရာအရှိ Choi က ဆိုသည်။
သို့သော် လူအုပ်စုလဲပြိုကျရသည့် အကြောင်းရင်းအတိအကျကိုမူ မသိရသေးပေ။
ဒဏ်ရာရသူများကို ကုသပေးရန် လူအုပ်စုလဲပြိုကျသည့်နေရာသို့ နိုင်ငံတဝန်းမှ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း (၄၀၀) ကျော် စေလွှတ်ထားကြောင်းလည်း ၎င်းကပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော က အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားတွင် COVID-19 ကပ်ရောဂါကြောင့် လူစုလူဝေးဖြင့် ပွဲအခမ်းအနားများ ကျင်းပခွင့်ပိတ်ထားခဲ့ရာမှ ယခု ဟောလိုးဝင်းပွဲတော်မှာ ပထမဆုံး ပြန်လည်ကျင်းပသည့် ပွဲတစ်ခုဖြစ်ပြီး လူဦးရေ (၁)သိန်းကျော် လာရောက်ခဲ့ကြသည်။
Source: BBC, CNA
Photo: REUTERS/Kim Hong-ji, AFP via Getty Images,