ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင် ဗြိတိန်ဝန်ကြီးချုပ် ပြန်ဖြစ်လာရန် အလားအလာ ကောင်းနေ

ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင် ဗြိတိန်ဝန်ကြီးချုပ် ပြန်ဖြစ်လာရန် အလားအလာ ကောင်းနေ
အောက်တိုဘာ 22, 2022 | နိုင်ငံတကာသတင်း
By Mr John

ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် ရာထူးမှ နုတ်ထွက်သွားပြီးနောက် သူမ၏နေရာကို အစားထိုးရန် အလားအလာရှိသူများအနက် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်နှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ရစ်ရှီဆူနက်ခ်တို့က အောက်တိုဘာလ (၂၁) ရက်နေ့တွင် ဦးဆောင်နေကြောင်း သိရသည်။ 

အောက်တိုဘာလ (၂၀) ရက်နေ့တွင် လစ်ဇ်ထရပ်စ်က ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားခဲ့ရာ ပါတီခေါင်းဆောင်သစ်နှင့် ဝန်ကြီးချုပ်သစ် ရွေးချယ်မှုကို လာမည့် သီတင်းပတ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၆) ရက်နေ့တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် လစ်ဇ်ထရပ်စ်မှာ ဗြိတိန်သမိုင်းတစ်လျှောက် သက်တမ်းအတိုဆုံး ဝန်ကြီးချုပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

 သူမ၏ စီးပွားရေးအစီအစဥ်ကြောင့် ဈေးကွက်မတည်မငြိမ်မှုများ ဖြစ်ပေါပြီး ကွန်ဆာဗေးတစ်ပါတီတွင်း သဘောထားကွဲလွဲမှုများ ရှိလာခဲ့ပြီးနောက် လစ်ဇ်ထရပ်စ်က ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်သွားခဲ့သည်။

လစ်ဇ်ထရပ်စ်၏ နေရာကို အစားထိုးပြီး ဝန်ကြီးချုပ် ဖြစ်လိုသူများမှာ ကွန်ဆာဗေးတစ်ပါတီ လွှတ်တော်အမတ်များထံမှ ထောက်ခံမဲ (၁၀၀) ရရှိရန် လိုအပ်ကြောင်း သိရသည်။ 

ယခု ယှဥ်ပြိုင်မှုမှာ (၆) နှစ်အတွင်း (၅) ဦးမြောက် ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာရန် ယှဥ်ပြိုင်ရခြင်းလည်း ဖြစ်သည်။ 

ဝန်ကြီးချုပ်နေရာအတွက် အနိုင်ရရှိသူကို လာမည့် သီတင်းပတ်အတွင်း အောက်တိုဘာလ (၂၄) ရက် သို့မဟုတ် အောက်တိုဘာလ (၂၈) ရက်တွင် ကြေညာမည်ဟု သိရသည်။

လက်ရှိ အခြေအနေအရ လွန်ခဲ့သည့် (၃) လကျော်က ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ရသည့် ဘောရစ်ဂျွန်ဆင်က ဝန်ကြီးချုပ် ပြန်ဖြစ်လာနိုင်ဖွယ်ရှိနေသည်။ 

၎င်းနှင့် ဆူနက်ခ်တို့က ဝန်ကြီးချုပ်ဖြစ်လာရန် အလားအလာကောင်းနေသည်ဟု ဆိုသည်။ 

ဘဏ္ဍာရေးဝန်ကြီးဟောင်း ဆူနက်ခ်မှာ ဘောရစ်ဂျွန်ဆင် ဖြုတ်ချခံရပြီးနောက် ဝန်ကြီးချုပ်နေရာအတွက် ယှဥ်ပြိုင်ရွေးချယ်ခံခဲ့ရာတွင် လစ်ဇ်ထရပ်စ်ကို ရှုံးနိမ့်ခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ရွေးချယ်ခန့်အပ်မှုကို လာမည့် သီတင်းပတ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ရာ လန်ဒန်မြို့တော်ဝန်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ အသက် (၅၈) နှစ်အရွယ် ဘောရစ်ဂျွန်ဆင်က တစ်ကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာမည်လားဟု စောင့်ကြည့်ရမည် ဖြစ်သည်။

Source: Reuters