ဖိလစ်ပိုင်နိုင်ငံကို လေတိုက်နှုန်း တစ်နာရီလျှင် (၁၁၅) မိုင်ရှိသည့် စူပါတိုင်ဖွန်းမုန်တိုင်း ချဥ်းကပ်လာနေ၍ ကယ်ဆယ် ရွှေ့ပြောင်းရေးများ အရေးပေါ် လုပ်ဆောင်နေ

ဖိလစ်ပိုင်နိုင်ငံကို လေတိုက်နှုန်း တစ်နာရီလျှင် (၁၁၅) မိုင်ရှိသည့် စူပါတိုင်ဖွန်းမုန်တိုင်း ချဥ်းကပ်လာနေ၍ ကယ်ဆယ် ရွှေ့ပြောင်းရေးများ အရေးပေါ် လုပ်ဆောင်နေ
စက်တင်ဘာ 25, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ဖိလစ်ပိုင်နိုင်ငံကို လက်ရှိတွင် Category 3 အဆင့်ရှိပြီး ဆက်လက် အားကောင်းလာနေသည့် စူပါတိုင်ဖွန်းမုန်တိုင်း ချဥ်းကပ်လာမှုကြောင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒေသခံများကို ယနေ့ စက်တင်ဘာလ (၂၅) ရက်နေ့တွင်  စတင်ရွှေ့ပြောင်းပေးနေပြီး ရေလမ်းကြောင်းခရီးသွားလာမှု အများအပြားကို ရပ်ဆိုင်းထားသည်။ 

CNN Weather ၏ မုန်တိုင်းသတင်းအရ တိုင်ဖွန်းနိုရူ၏ လေတိုက်နှုန်းမှာ Category 5 အဆင့်ရှိ အမေရိကန်ဟာရီကိန်း၏ လေတိုက်နှုန်းနှင့် ညီမျှကြောင်း သိရသည်။

မနီလာမြို့ အပါအဝင် လူဇွန်ကျွန်းမကြီးတွင် စူပါတိုင်ဖွန်း ဝင်ရောက်တိုက်ခတ်မည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေကြောင်း ဖိလစ်ပိုင်အစိုးရတာဝန်ရှိသူများက ပြောသည်။ 

တိုင်ဖွန်းနိုရူ (Typhoon Noru) မှာ အကြီးအကျယ် အားကောင်းလာခဲ့ရာ စူပါတိုင်ဖွန်းမုန်တိုင်းအဆင့် ဖြစ်လာခဲ့ပြီး လေတိုက်နှုန်းမှာ စက်တင်ဘာလ (၂၄) ရက်နေ့တွင် တစ်နာရီလျှင် (၇၄) မိုင်ကျော်မှ ယခုအခါ တစ်နာရီလျှင် (၁၁၅) မိုင်အထိ ဖြစ်လာခဲ့ကြောင်း ဖိလစ်ပိုင် ဘေးအန္တရာယ်ဆိုင်ရာဌာနက ထုတ်ပြန်သည်။

ထိုမုန်တိုင်းမှာ ဆက်လက် အားကောင်းလာမည်ဖြစ်ပြီး စက်တင်ဘာလ (၂၅) ရက် မွန်းလွဲပိုင်း သို့မဟုတ် ညနေပိုင်းတွင် လေတိုက်နှုန်း တစ်နာရီလျှင် (၁၁၅) မိုင်မှ (၁၂၇) မိုင်အထိဖြင့် ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောထားသည်။ 

တိုင်ဖွန်းနိုရူမှာ ယခုနှစ်တွင် ဖိလစ်ပိုင်ကို ဝင်ရောက်မည့် (၁၁) ခုမြောက် အပူပိုင်းမုန်တိုင်းဖြစ်ပြီး မုန်တိုင်ကြောင့် မနီလာမြို့တော် ဧရိယာနှင့် အနီးအနား ပြည်နယ်များတွင် စက်တင်ဘာလ (၂၅) ရက် မွန်းလွဲပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမည်ဟု ဆိုသည်။

 

မုန်တိုင်းကြောင့် လေပြင်းများတိုက်ခတ်မည်ဖြစ်သော်လည်း မုန်တိုင်းမှာ လျှင်မြန်စွာ ရွေ့လျားမည်ဟု မျှော်လင့်ရကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Bernardo Rafaelito Alejandro က ပြောသည်။

 အာဏာပိုင်များက မြေပြိုမှု၊ ရေကြီးမှုနှင့် အပျက်အစီးဖြစ်ပေါ်နိုင်သည့် လေပြင်းတိုက်မှုများအတွက် သတိပေးထားကြောင်း သိရသည်။

မုန်တိုင်းအန္တရာယ်ရှိမှုကြောင့် မနီလာမြို့တော် တောင်ဘက်ရှိ ဆိပ်ကမ်းများတွင် ရေယာဥ် (၂၈) စီးနှင့် ခရီးသည် (၁,၂၀၀) သောင်တင်နေကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ပြောသည်။ 

တိုင်ဖွန်းနိုရူမှာ အနောက်ဘက်သို့ ဦးတည်ရွေ့လျားနေပြီး စက်တင်ဘာလ (၂၅) ရက် ညပိုင်း သို့မဟုတ် စက်တင်ဘာလ (၂၆) ရက် အစောပိုင်းတွင် တောင်တရုတ်ပင်လယ်ပြင်ပေါ်၌ ဆက်လက် တည်ရှိနေနိုင်ကြောင်း သိရသည်။

Source: Reuters, CNN

Photo: Idris Mukhtar/CNN, AFP,  AFP-JIJI,