ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိ ကာရာအိုကေ ဘားဆိုင် တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ (၁၂) ဦး သေဆုံးပြီး (၄၀) ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ (၇) ရက်တွင် ပြောသည်။
အဆောက်အအုံ ဒုတိယထပ်နှင့် တတိယထပ်တွင် စက်တင်ဘာလ (၆) ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး လှေကားတစ်လျှောက်တွင် မီးခိုးများပြည့်နေခဲ့ရာ ကာရာအိုကေ ဘားဆိုင်သို့ လာရောက်ကြသူများနှင့် ဝန်ထမ်းများ ပိတ်မိခဲ့ကြကြောင်း ဗီယက်နမ်အစိုးရမီဒီယာက ဖော်ပြသည်။
လူအများအပြားမှာ မီးတောက်များမှ လွတ်မြောက်ရန် ဝရန်တာပေါ်သို့ တက်နေခဲ့ကြကြောင်းနှင့် သစ်သားဖြင့် ပြင်ဆင်ထားသည့် အတွင်းပိုင်း အပြင်အဆင်များကို လျင်မြန်စွာ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အခြား လူများက အဆောက်အအုံကနေ ခုန်ချခဲ့ကြရကြောင်း သတင်းများက ပြောသည်။
ထိုဘားဆိုင်အပြင်ဘက်သို့ မီးခိုးလုံးများ ထွက်နေသည့် ဓာတ်ပုံများကို မြင်တွေ့ရသည်။
မီးလောင်မှုအတွင်း ဒဏ်ရာရခဲ့သူများအနက် (၁၁) ဦးမှာ ဒဏ်ရာြပင်းထန်သည်ဟု Reuters သတင်းက ဖော်ပြသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့် ကာရာအိုကေ ဘားဆိုင်မှာ ဗီယက်နမ်စီးပွားရေးအချက်အချာ ဟိုချီမင်းမြို့၏ မြောက်ဘက် Thuan An မြို့ရှိ လူဦးရေထူထပ်သည့် လူနေရပ်ကွက်တစ်ခုတွင် တည်ရှိကြောင်းနှင့် မီးသတ်သမားများက ကရိန်းများပေါ်ကနေ မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။
ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးက မီးလောင်မှုအတွင်း လူ (၁၂) ဦး သေဆုံးခဲ့ပြီး (၁၁) ဦး ဒဏ်ရာရခဲ့ကြောင်း AFP သတင်းဌာနကို အတည်ပြုခဲ့သည်။
"ကယ်ဆယ်ရေးအဖွဲ့တွေက မီးလောင်မှုဖြစ်တဲ့နေရာမှာ သေဆုံးဒဏ်ရာရသူတွေကို ရှာဖွေနေကြပါတယ်။ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်" ဟု Thun An မြို့ရှိ အာဏာရ ကွန်မြူနစ်ပါတီ၏ ထိပ်တန်းတာဝန်ရှိသူ Nguyen Thanh Tam က AFP ကို ပြောသည်။
ကာရာအိုကေ ဘားဆိုင်အနီးတွင် နေထိုင်သည့် မျက်မြင်တွေ့ရှိခဲ့သူ Ngyyen Sang က VnExpress သတင်းဝက်ဘ်ဆိုက်ကို ပြောကြားမှုအရ မီးသတ်ကားများ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ရောက်ရှိလာခဲ့ကြောင်းနှင့် ပိတ်မိနေသူ (၄၀) ဦးရှိကြောင်း ဧည့်ကြိုတစ်ဦးကပြောသည်ဟု သိရသည်။
"လူအများအပြားက အဓိက ဝင်ပေါက်ကနေ အပြင်ကို ပြေးထွက်ခဲ့ကြတယ်။ ဒါပေမဲ့ အခြား လူအများအပြားက အထဲမှာ ဆက်ရှိနေခဲ့ပြီး မီးအပူဒဏ် မခံနိုင်တော့ဘဲ ခုန်ချခဲ့ကြတယ်။ သူတို့က လက်တွေ ခြေတွေ ကျိုးကုန်ကြတယ်" ဟု Sang က ပြောသည်။
ယခုမီးလောင်မှုမှာ ဗီယက်နမ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်နောက်ပိုင်း လူသေဆုံးမှုအများဆုံး မီးလောင်မှုလည်း ဖြစ်လာခဲ့သည်။
၂၀၁၈ ခုနှစ်က ဟိုချီမင်းမြို့ရှိ လူနေတိုက်ခန်းတွဲတစ်ခုတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် လူ (၁၃) ဦး သေဆုံးခဲ့သည်။
၂၀၁၆ ခုနှစ်ကလည်း ဟနွိုင်းမြို့ရှိ ကာရာအိုကေ ဘားဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ (၁၃) ဦး သေဆုံးခဲ့ပြီး နိုင်ငံတဝန်းရှိ ဘားဆိုင်နှင့် နိုက်ကလပ်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ထားရှိမှုကို စစ်ဆေးမှုရှိခဲ့သည်။
ယခုနှစ် ဩဂုတ်လအတွင်းကလည်း ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းမြို့တွင် နောက်ထပ် ကာရာအိုကေ ဘားဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားသည့် မီးလောင်မှုကို ငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့သည့် မီးသတ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Update: ကာရာအိုကေ ဘားဆိုင် မီးလောင်မှု၏ နောက်ဆက်တွဲ သေဆုံးဒဏ်ရာအခြေအနေမှာ သေဆုံးသူ (၁၂)ဦး ရှိရာကနေ ယနေ့ စက်တင်ဘာလ(၇)ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ (၂၃)ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိပြီး ဆေးကုသခံရသူမှာ (၁၁)ဦးရှိကြောင်း ထပ်မံ သိရှိရသည်။
Source: AFP, Reuters
Photo: Representational Image, Vietnam News Agency/AFP