ပြည်သူ့ခုခံတော်လှန်စစ်ကြေညာသည့် တစ်နှစ်ပြည့်အဖြစ် ယာယီသမ္မတ ဒူဝါလရှီးလ နိုင်ငံတော်အခြေပြမိန့်ခွန်းကို ယနေ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့တွင် ပြောကြားရာ အာဏာသိမ်းစစ်အုပ်စုက ကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲသည် အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမဲ့ နိုင်ငံရေးလှည့်ကွက်ဟု ထည့်သွင်းပြောကြားလိုက်သည်။
"ဖက်ဆစ်စစ်ခေါင်းဆောင်တွေ အလိုကျ ချယ်လှယ်မဲ့ ၂၀၂၃ခုနှစ် ရွေးကောက်ပွဲဆိုတာ မြန်မာ့လူအဖွဲ့အစည်းအတွင်းမှာ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမဲ့ မတည်ငြိမ်မှုကို ဖန်တီးမဲ့ ဝိဝါဒကွဲပြားမှု အသစ်တွေကို မွေးထုတ်မဲ့ လုပ်ကြံနိုင်ငံရေး လှည့်ကွက်တာ ဖြစ်ပါတယ်။"ဟု ပြောကြားခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲကို ပြည်သူများနှင့်နိုင်ငံတကာကလည်း ယုံကြည်မှာ မဟုတ်ကြောင်းလည်း ထပ်လောင်းပြောကြားသည်။
"ဖက်ဆစ်အာဏာသိမ်း အကြမ်းဖက်သမားတွေက သူတို့ အာဏာ ဆက်လက်ရယူနိုင်ရေးအတွက် အတုအယောင်ဟန်ပြ ရွေးကောက်ပွဲလုပ်ဖို့ ဆိုင်းပြင်နေကြပါတယ်။ ၂၀၂၃ခုနှစ်မှာ ကျင်းပပြုလုပ်မယ်ဆိုတဲ့ ဒီအကြမ်းဖက် စစ်တပ်ရဲ့ ရွေးကောက်ပွဲဆိုတာဟာ တရားမျှတပြီး လွတ်လပ်ပွင့်လင်းတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ဘယ်ပြည်သူက ဘယ်နိုင်ငံတကာက အစိုးရများက ယုံကြည်မှာလဲ။ ဒါကတော့ အရေးတယူပြောဖို့တောင် လိုမယ်မထင်ပါဘူး။"ဟု ပြောသည်။
"ဖက်ဆစ်သန္ဓေယုတ်တဲ့ ဒီစစ်ခေါင်းဆောင် အဆက်ဆက်ဟာ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ လူ့ဂုဏ်သိက္ခာကို ဘယ်အချိန် ဘယ်အခါတုန်းကများ လေးစား တန်ဖိုးထားခဲ့ဖူးသလဲ။ လေ့လာကြည့် စေချင်ပါတယ်။"ဟုလည်း ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ခုခံတွန်းလှန်စစ် ဒုတိယနှစ်အတွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်အဟုန်မြှင့်တင်ပြီး လက်တွေ့ကြသော တရားသော စစ်ကို ဆင်နွှဲနေကြောင်းနှင့် ပြည်သူလူထုကို မျှော်လင့်ချက် အတုအယောင်များမပေးကြောင်း နှင့် စိုးမိုးနယ်မြေများ တိုးပွားလာနေပြီး လက်တွေ့ကြသော စစ်ရေးရလာဒ်များဖြင့် ပြည်သူကို သက်သေပြနိုင်ရန်လည်း ကြိုးစားနေကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။
#TachileikNewsAgency
Video: NUG