အာဂျင်တီးနား ဒုသမ္မတ သေနတ်ဖြင့် အနီးကပ် တေ့ပစ်ခံရသော်လည်း ကံကောင်း၍ ကျည်မထွက်

အာဂျင်တီးနား ဒုသမ္မတ သေနတ်ဖြင့် အနီးကပ် တေ့ပစ်ခံရသော်လည်း ကံကောင်း၍ ကျည်မထွက်
စက်တင်ဘာ 4, 2022 | နိုင်ငံတကာသတင်း
By Mr John

အာဂျင်တီးနားနိုင်ငံတွင် ဒုတိယသမ္မတ Christina Fernandez de Kirchner၏ ဦးခေါင်းအား အနီးကပ်ပစ်ခတ်ပြီး လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့သော်လည်း သေနတ်ကျည် မထွက်ခဲ့၍ ဒုသမ္မတမှာ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။ 

စက်တင်ဘာလ (၁) ရက်နေ့က ဖြစ်ပွားခဲ့သည့် ထိုဖြစ်ရပ်မှာ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း စီးပွားရေးဝန်ကြီးက ပြောကြားခဲ့ပြီး အာဂျင်တီးနားတွင် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ပွတ်တိုက်မှုများ ပြင်းထန်နေစဥ် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

အာဂျင်တီးနား ဒုတိယသမ္မတ Christina က ဗျူနိုအေရီစ်မြို့ရှိ နေအိမ်အပြင်ဘက်၌ ထောက်ခံသူများ စုရုံးရောက်ရှိနေစဥ် ကားတစ်စီးအတွင်းမှ ထွက်လာခဲ့ချိန်တွင် သေနတ်သမားတစ်ဦးက သူမ၏ ဦးခေါင်းကို ပစ္စတိုတစ်လက်ဖြင့် အနီးကပ်ပစ်ခတ်ပြီး လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ 

ဗီဒီယိုမှတ်တမ်းအရ ထိုအမျိုးသား ကိုင်ဆောင်ထားသည့် ပစ္စတိုသေနတ်ကို ဒုသမ္မတ၏ ဦးခေါင်းအနီးတွင် အထင်အရှား တွေ့ရသည်။

အာဂျင်တီးနားသမ္မတ Alberto Fernandez ၏ ပြောကြားမှုအရ ထိုသေနတ်တွင် ကျည်ဆန် (၅) တောင့် ပါရှိကြောင်းလည်း သိရသည်။ 

"အမျိုးသားတစ်ဦးက သူမရဲ့ ဦးခေါင်းကို သေနတ်နဲ့ချိန်ပြီး အနီးကပ်ပစ်ခဲ့ပါတယ်။ သေနတ်က ကျည်မထွက်တာကြောင့် Christina အသက်ရှင်ခဲ့ပါတယ်။ အာဂျင်တီးနားမှာ ဒီမိုကရေစီပြန်ရပြီးနောက်ပိုင်း အဆိုးဆုံးဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်" ဟု သမ္မတ Alberto က ၁၉၈၃ ခုနှစ်တွင် စစ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့ချိန်ကို ရည်ညွှန်းလျက် ပြောကြားခဲ့သည်။

အာဂျင်တီးနား ဒုသမ္မတကို အနီးကပ်ပစ်ခတ်လုပ်ကြံသူမှာ အသက် (၃၅) နှစ်အရွယ် ဘရာဇီးအမျိုးသားဖြစ်ကြောင်းနှင့် ၎င်းကို ရဲတပ်ဖွဲ့က အလျင်အမြန် ဖမ်းဆီးခဲ့ပြီး သေနတ်ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရသော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်ရှင်လွတ်မြောက်ခဲ့သည့် Chritina မှာ ၂၀၀၇ နှစ် ၂၀၁၅ ခုနှစ်အတွင်း အာဂျင်တီးနား၏ သမ္မတအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၀၀ ပြည့်လွန် နှစ်များအတွင်း အစိုးရစီမံကိန်းကန်ထရိုက်များ ချထားပေးမှုနှင့် ဆက်နွယ်သည့် အဂတိလိုက်စားမှုဖြင့် တရားရုံးတွင် ကြားနာစစ်ဆေးခံနေရသည်။

စက်တင်ဘာလ (၁) ရက်နေ့ကလည်း ထိုအမှုကိစ္စ ကြားနာစစ်ဆေးမှုအပြီး တရားရုံးမှ ပြန်လာစဥ် နေအိမ်အပြင်ဘက်တွင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုကြုံခဲ့ရခြင်း ဖြစ်သည်။ 

၂၀၁၉ ခုနှစ်မှစပြီး ဒုတိယသမ္မတအဖြစ် တာဝန်ယူခဲ့သူ အသက် (၆၉) နှစ်အရွယ် အာဂျင်တီးနားဒုတိယသမ္မတ Cristina မှာ သူမ ရင်ဆိုင်နေရသည့် အမှုကိစ္စတွင် ပြစ်မှုထင်ရှားပါက Christina မှာ ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံရနိုင်ကြောင်း သိရသည်။

Source: Reuters, BBC