နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်
By Tachileik News Agency

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ကြေညာသည်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် (၅၄ - ၅၆)၊ ခြံဝန်းဧရိယာ (၁.၉၂၃) ဧကနှင့် ယင်းမြေဧရိယာ (၁.၉၂၃) ဧကပေါ်တွင်ရှိသော ရွှေ့ပြောင်း၍ မရသည့် အဆောက်အအုံ အားလုံးအား ကြားကာလ၏ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်သည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းသို့ထုတ်ပြန်ခြင်းသည် အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟို့အဖွဲ့မှ ထုတ်ပြန်ထားသော ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက် အမှတ်စဉ် ၅၊  ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉) ပါ ဥပဒေပုဒ်မ ၂(က)၊ (ခ) တို့နှင့်အညီ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသော ယင်းမြေနှင့် အဆောက်အအုံနေရာအား မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ အခြားနည်း အသုံးချခြင်းများအား တင်းကြပ်စွာတားမြစ်သည်ဟု ထုတ်ပြန်ထားသည်။

အပိုဒ်-၂ ပါ တားမြစ်ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ပါက ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ (၂၀၁၉)၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ (၁၉၈၇) တို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတိုနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည့်အပြင် အဆိုပါ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအား အမည်ပျက်စာရင်း (Black List) ထည့်သွင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အစိုးရအဖွဲ့ကိုဖမ်း၍ အာဏာသိမ်းထားသည့် စစ်ကောင်စီလက်ထက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံဝန်းနှင့်ပတ်သက်၍ အမွေခွဲဝေခွင့်အယူခံထပ်ဝင်သည့် ဦးအောင်ဆန်းဦးအား ၎င်းတောင်းဆိုသည့်အတိုင်း အာဏာသိမ်းစစ်ကောင်စီ၏ တရားရုံးက ဆုံးဖြတ်ပေးထားခြင်းဖြစ်သည်။