KNU တပ်မဟာ(၆)နယ်မြေအတွင်း အရေးပေါ်လိုအပ်သည့် ခဲယမ်းများ ဖြည့်တင်းနိုင်ရန် MFDMC ထောက်ပို့တပ်သားများက ကျပ် သိန်း ၅၀၀ ထောက်ပို့

 KNU တပ်မဟာ(၆)နယ်မြေအတွင်း အရေးပေါ်လိုအပ်သည့် ခဲယမ်းများ ဖြည့်တင်းနိုင်ရန် MFDMC ထောက်ပို့တပ်သားများက ကျပ် သိန်း ၅၀၀ ထောက်ပို့
By Tachileik News Agency

တောင်ပိုင်းတိုင်းစစ်ဒေသ၊ KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်များ အရေးပေါ် လိုအပ်နေသည့် ခဲယမ်းများ ထပ်မံဖြည့်တင်းနိုင်ရန်  မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထောက်ပို့တပ်သားများက ငွေကျပ် သိန်းငါးရာကို ထောက်ပို့လှူဒါန်းထားကြောင်း MFDMC က သတင်းထုတ်ပြန်ထားသည်။



KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ နေရာအချို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း အင်အား အဆမတန်သုံးပြီး ထိုးစစ်ဆင်နေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။



အင်အားအဆမတန်သုံးပြီး ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ရွံ့ရွံ့ချွံချွံ ခုခံတော်လှန်နေတဲ့ ရဲဘော်တွေ လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေ ဖြည့်ဆည်းနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန(MOD)နဲ့ ချိတ်ဆက်ပြီး အခုလို ထောက်ပို့ပေးခဲ့တာပါ

ဟု MFDMC တာဝန်ရှိသူတစ်ဦးက ပြောသည်။



လက်ရှိတွင် တပ်မဟာ (၆) နယ်မြေတွင် စစ်ကောင်စီတပ်၏ တပ်မ (၁၁)၊ (၂၂)၊ (၄၄) လက်အောက်ခံတပ်ရင်း (၁၇) ခုနှင့် နယ်ခြားစောင့်တပ် (BGF) တို့ပူးပေါင်းပြီး ဩဂုတ်လ ၁ ရက်နေ့မှ စတင်ကာ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဩဂုတ် ၂၀ရက်နေ့ထိ တိုက်ပွဲပေါင်း ၃၃ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။



တပ်မဟာ (၆)ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်က ကုန်းကြောင်း၊ လေကြောင်းများ အသုံးပြုပြီး ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည်။

 

အခုလို အားဖြည့်ကူညီပေးတဲ့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထောက်ပို့တပ်သားတွေကို အထူးကျေးဇူးတင်ရှိပြီး ထပ်မံလိုအပ်တာတွေကိုလည်း ဆက်လက် အားဖြည့်ကူညီစေလိုတယ်

ဟု တပ်မဟာ(၆)စစ်ဆင်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။



MFDMC အဖွဲ့အနေသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ MOD ဌာနနှင့် ချိတ်ဆက်ကာ တစ်နိုင်ငံလုံးအတိုင်းအတာရှိ တော်လှန်ရေးအဖွဲ့ပေါင်း ၆၀ ကျော်ကို စုစုပေါင်းကျပ်သိန်း ကိုးထောင်ကျော် ထောက်ပို့ခဲ့ပြီးကြောင်း သိရသည်။



မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)သည် တောင်ကိုရီးယား၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား (၄)နိုင်ငံအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ထောက်ပံ့တပ်သားသစ်များကို လက်ခံစုဆောင်းလျက်ရှိသည်။