အိန္ဒိယတွင် ရထားလက်မှတ်ခ ရူပီး (၂၀) ပိုပေးခဲ့ရမှု အတွက် (၂၂) နှစ်ကြာ တရားရင်ဆိုင်ခဲ့

Photo: AFP
Photo: AFP
အိန္ဒိယတွင် ရထားလက်မှတ်ခ ရူပီး (၂၀) ပိုပေးခဲ့ရမှု အတွက် (၂၂) နှစ်ကြာ တရားရင်ဆိုင်ခဲ့
သြဂုတ် 15, 2022 | နိုင်ငံတကာသတင်း
By Mr John

အိန္ဒိယနိုင်ငံတွင် ရထားလက်မှတ်ခကို ရူပီး (၂၀) (မြန်မာကျပ်ငွေ ၅၃၀ နီးပါး) ပိုပေးခဲ့ရပြီးနောက် ရှေ့နေတစ်ဦးက အိန္ဒိယရထားလုပ်ငန်းထံမှ လျော်ကြေးရရန် (၂၂) နှစ်ကြာ အမှုရင်ဆိုင်ခဲ့ကာ အနိုင်ရခဲ့သည်ဟု ဆိုသည်။ 

၎င်း၏ တရားမျှတမှုအတွက် ရှာဖွေခြင်းက ကြိုးစားအားထုတ်ရကျိုးနပ်သည်ဟု ၂၀၂၂ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့တွင် ရှေ့နေက ပြောသည်။

၁၉၉၉ ခုနှစ်တွင် ရှေ့နေ Tungnath Chaturvedi က ၎င်း၏ ဇာတိမြို့ Mathura မှ Moradabad မြို့သို့ ရထားလက်မှတ် (၂) စောင် ဝယ်ယူခဲ့ရာ ရူပီး (၇၀) ကျသင့်ရမည့်အစား ရူပီး (၉၀) အဖြစ် ပိုမိုကောက်ခံခဲ့ကြောင်း သိရသည်။ 

၎င်းကို ငွေလက်ခံပြေစာ ပေးခဲ့သော်လည်း ရထားဝန်ထမ်းများက ငွေပြန်အမ်းရန် အကြိမ်ကြိမ် ငြင်းဆန်ခဲ့ကြသည်ဟု ဆိုသည်။

Mathura မြို့နှင့် Moradabad မြို့တို့မှာ (၁၈၆) မိုင် ကွာဝေးပြီး ယခုအမှုအတွက် Mathura စားသုံးသူဆိုင်ရာ တရားရုံးတွင် ကြားနာမှုအကြိမ်ရေ (၁၂၀) ပြုလုပ်ခဲ့သည်။ 

အမှုကို ကြားနာစစ်ဆေးနေခဲ့သည့် ဆယ်စုနှစ် (၂) ခုကျော်အတွင်း တရားသူကြီး (၅) ဦး ပြောင်းလဲခဲ့ပြီးနောက် ယခုလအတွင်း ရှေ့နေ Chaturvedi ကို ‌လျော်ကြေးပေးရန် တရားရုံးက အမိန့်ချလိုက်ခြင်း ဖြစ်သည်။

ယခုအမှုက အိန္ဒိယနိုင်ငံ၏ တရားစီရင်ရေးစနစ် နှေးကွေးကြန့်ကြာမှုကို ထင်ဟပ်ဖော်ပြနေသည်ဟု ဆိုသည်။ 

အိန္ဒိယတွင် အမှုကြားနာစစ်ဆေးမှု ရွှေ့ဆိုင်ခြင်းများနှင့် အမှုများမှာ ဆယ်စုနှစ်များ မဟုတ်ပါက နှစ်များနှင့်ချီ ကြာနိုင်ရာ အမှုသည်များ စိတ်ပျက်ကြရသည်။ 

အမှုများကြန့်ကြာမှုနှင့်အတူ ဝန်ပိနေသည့် အိန္ဒိယတရားရုံးများတွင် မပြီးပြတ်သေးသော အမှုပေါင်း သန်း (၅၀) ဝန်းကျင်ရှိနေသည်ဟု ဆိုသည်။

ယခုအမှုတွင် တရာရုံးက အသက် (၆၆) နှစ်အရွယ် ရှေ့နေ Chaturvedi ကို ရူပီး (၂၀) ပြန်းအမ်းရန်နှင့် တစ်နှစ်လျှင် အတိုး (၁၂) ရာခိုင်နှုန်း ပေါင်းထည့်ပြီး လျော်ကြေးငွေးအဖြစ် ရူပီး (၁၅,၀၀၀) ပေးရန် အမိန့်ချမှတ်လိုက်သည်။ 

သို့သော် ကိုယ်တိုင်က ရှေ့နေတစ်ဦးဖြစ်တာကြောင့် တရားလိုရှေ့နေအဖြစ် ကိုယ်တိုင် ဆောင်ရွက်ခဲ့သည့်တိုင် ယခုအမှုတွင် အနိုင်ရခဲ့သည့် Chaturvedi အနေဖြင့် ကြိုးစားအားထုတ်ရမှုအပြင် ရူပီး (၂၀,၀၀၀) ကုန်ကျခဲ့သည်ဟု ဆိုသည်။

မိသားစုနှင့် မိတ်ဆွေများက အနည်းမျှသာဖြစ်သော ငွေပမာဏအတွက် တရားရင်ဆိုင်နေမှုကို လက်လျှော့လိုက်ရန် ရှေ့နေ Chaturvedi ကို ဖျောင်းဖျခဲ့ကြသော်လည်း ၎င်းက ဇွဲမလျှော့ဘဲ ဆက်လက် အမှုရင်ဆိုင်နေခဲ့ကြောင်း သိရသည်။ 

"ဒါက ငွေကြောင့်မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ရပိုင်ခွင့်ဖြစ်တယ်။ အစိုးရ သို့မဟုတ် သူ့ယန္တရားရဲ့ အာဏာရှင်ဆန်မှုနဲ့ အကျင့်ပျက်ခြစားမှုကို နိုင်ငံသားတစ်ယောက်အဖြစ် ကျွန်တော့်ရဲ့ မေးခွန်းထုတ်ပိုင်ခွင့် ဖြစ်တယ်။" ဟု Chaturvedi က AFP သတင်းဌာနကို ပြောခဲ့သည်။

"တခါတလေမှာ တစ်ယောက်ယောက် နေမကောင်းလို့ ဒါမှမဟုတ် နာရေးကိစ္စရှိလို့ တရားရုံးကြားနာမှု ရွှေ့ဆိုင်းတယ်။ အဲဒီလိုအချိန်တွေမှာ တရားရုံးကြားနာမှု နှောင့်နှေးကြန့်ကြာကို ကျွန်တော် စိတ်ပျက်ခဲ့တယ်။ ဒါပေမဲ့ ရှေ့နေတစ်ယောက်ဖြစ်နေတဲ့ ကျွန်တော်က ဒီအမှုကို အဆုံးအထိ ရင်ဆိုင်သွားမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ပိုပြီး အရေကြီးတာက အမှန်တရားကို ပြောပြရမယ်လေ" ဟု ရှေ့နေ Chaturvedi က ဖွင့်ဟခဲ့သည်။

Source: Bangkok Post