ဇနီးဟောင်းဖြစ်သူ Live လွှင့်နေစဥ် မီးရှို့သတ်ခဲ့သည့် တရုတ်အမျိုးသားကို ကွပ်မျက်

Photo: CCT
Photo: CCT
ဇနီးဟောင်းဖြစ်သူ Live လွှင့်နေစဥ် မီးရှို့သတ်ခဲ့သည့် တရုတ်အမျိုးသားကို ကွပ်မျက်
ဇူလိုင် 25, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံတွင် Live လွှင့်နေသည့် ဇနီးဟောင်းကို မီးရှို့သတ်ခဲ့မှုဖြင့် တရုတ်အမျိုးသားတစ်ဦးအား ဇူလိုင်လ (၂၃) ရက်နေ့က ကွပ်မျက်လိုက်ကြောင်း သိရသည်။ 

မီးရှို့အသတ်ခံရသူမှာ တရုတ်ဗားရှင်း TikTok ဖြစ်သည့် Douyin တွင် လူသိများသော Lamu အမည်ရှိ vlogger အမျိုးသမီးဖြစ်သည်။ 

မီးရှို့သတ်ခံရသူ Lamu

ထောင်ပေါင်းများစွာသော သူမ၏ follower များက စီချွမ်ပြည်နယ်၏ တောင်ပေါ်ဒေသမှ သူမ၏ဘဝအကြောင်း ဗီဒီယိုများကို ပုံမှန်ကြည့်ရှုလေ့ရှိသည်။

Lamu အသတ်ခံရမှုက တရုတ်နိုင်ငံတွင် အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို မီးမောင်းထိုးပြခဲ့သည်။ 

စစ်တမ်းတစ်ခုအရ တရုတ်အမျိုးသမီးအားလုံး၏ လေးပုံတစ်ပုံမှာ အိမ်တွင်းအကြမ်းဖက်မှု ခံစားခဲ့ကြရသည်ဟု ဆိုသည်။ 

ကလေး (၂) ဦး၏ မိခင်ဖြစ်သူ Lamu က ခင်ပွန်းဖြစ်သူ၏ အကြမ်းဖက်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံ ချဥ်းကပ်ခဲ့စဥ် ထိုကိစ္စမှာ မိသားစုကိစ္စတစ်ခုဖြစ်ကြောင်း ရဲကပြောခဲ့သည်။

Lamu ကို မီးရှို့သတ်ဖြတ်မှုဖြင့် သူမ၏ ခင်ပွန်း Tang Lu ကို စီချွမ်ပြည်နယ် အနောက်တောင်ပိုင်း အစွန်အဖျား ကျေးလက်ဒေသဖြစ်သည့် Aba စီရင်စု တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုဒေသတွင် တိဘက်တိုင်းရင်းသားများ အများအပြားနေထိုင်ကြကြောင်း သိရသည်။ 

Tang Lu ၏ ပြစ်မှုမှာ အလွန်ရက်စက်ပြီး လူမှုအသိုင်းအဝိုင်းကို သက်ရောက်မှုမှာ အလွန်ဆိုးရွားကြောင်း တရားရုံးက တွေ့ရှိခဲ့သည်။

Lamu  က သူမကို အကြမ်းဖက်ခဲ့သည့် ရာဇဝင်ရှိခဲ့ဖူးသူ Tang Lu ကို ၂၀၂၀ ခုနှစ် ဇွန်လတွင် ကွာရှင်းခဲ့ကြောင်း တရားရုံးက ပြောသည်။ 

ကွာရှင်းပြီးနောက် (၃) လခန့်အကြာတွင် ဖခင်၏နေအိမ်တွင် Live လွှင့်နေသည့် Lamu ကို ခင်ပွန်းဟောင်း Tang Lu က ဓာတ်ဆီလောင်းပြီး အရှင်လတ်လတ် မီးရှို့ခဲ့သည်။ 

Lamu ၏ ခန္ဓာကိုယ် (၉၀) ရာခိုင်နှုန်း မီးလောင်ခံခဲ့ရပြီးနောက် သီတင်း (၂) ပတ်အကြာတွင် သေဆုံးသွားခဲ့သည်။

ထိုဖြစ်ရပ်အပေါ် တရုတ်နိုင်ငံတဝန်း ဒေါသတကြီးဖြစ်ခဲ့ကြပြီး အမျိုးသမီးများကို အကြမ်းဖက်မှုနှင့် ပတ်သက်၍ အချေအတင် ဆွေးနွေးပြောဆိုမှုများ ရှိလာခဲ့သည်။ 

တရုတ်နိုင်ငံက အိမ်တွင်းအကြမ်းဖက်မှုကို ရာဇဝတ်ပြစ်မှုအဖြစ် ၂၀၁၆ ခုနှစ်တွင် သတ်မှတ်ခဲ့သော်လည်း အထူးသဖြင့် ကျေးလက်ဒေသများတွင် အိမ်တွင်းအကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်သည်။

#TachileikNewsAgency

Source: BBC