ဆိုမာလီယာလေဆိပ်တွင် လေယာဥ်တစ်စီး ပက်လက်လန် ပျက်ကျပြီး မီးလောင်ခဲ့သော်လည်း လိုက်ပါလာသူအားလုံး အသက်ရှင် လွတ်မြောက်

ဆိုမာလီယာလေဆိပ်တွင် လေယာဥ်တစ်စီး ပက်လက်လန် ပျက်ကျပြီး မီးလောင်ခဲ့သော်လည်း လိုက်ပါလာသူအားလုံး အသက်ရှင် လွတ်မြောက်
ဇူလိုင် 19, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်ရှိ လေဆိပ်တွင် ဆင်းသက်စဥ် ခရီးသည်တင် လေယာဥ်တစ်စီး ပျက်ကျကာ မီးလောင်ခဲ့သော်လည်း လိုက်ပါလာသူ (၃၆) ဦးလုံး အသက်ရှင်လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။ 

လေယာဥ်ပျက်သည့်နေရာမှ ဗီဒီယိုမှတ်တမ်းအရ လေယာဥ်မှာ လေဆိပ်သို့ဆင်းသက်စဥ် ဟန်ချက်ပျက်သွားခဲ့ပြီးနောက် ပက်လက်လန်လျက်သား ပျက်ကျနေသည်ကို တွေ့ရသည်။

ပျက်ကျခဲ့သည့်လေယာဥ်မှာ မီးများတောက်လောက်ပြီး မီးခိုးမည်းများ ထူထပ်စွာထွက်ပေါ်နေခဲ့သည်။ 

ဇူလိုင်လ (၁၈) ရက်နေ့က မိုဂါဒစ်ရှူးလေဆိပ်တွင် ဆင်းသက်စဥ် ပျက်ကျခဲ့သည့် ခရီးသည်တင်လေယာဥ်မှာ Fokker 50 အမျိုးအစားဖြစ်ပြီး Jubba Airways လေကြောင်းလိုင်းမှဖြစ်ကြောင်း သိရသည်။ 

ထိုလေယာဥ်က ပြည်တွင်းလေကြောင်းခရီးစဥ်အဖြစ် Baidoa မြို့မှ မိုဂါဒစ်ရှူးမြို့တော်သို့ ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။

လေယာဥ်ပျက်ကျရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း လိုက်ပါလာသည့် ခရီးသည်နှင့် လေယာဥ်အမှုထမ်းများ အားလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း လေဆိပ်အာဏာပိုင်များကို ကိုးကားပြီး ဆိုမာလီယာအစိုးရမီဒီယာက ဖော်ပြသည်။ 

မီးသတ်သမားများက လေယာဥ်မီးလောင်မှုကို အလျင်အမြန် လာရောက်ငြှိမ်းသတ်ခဲ့ကြသည်ဟု ဆိုသည်။ လေယာဥ်ပျက်ကျွန်မှုနှင့် ပတ်သက်၍ မည်သို့ဖြစ်ခဲ့ကြောင်းကို သိရှိရပါက သတင်းအချက်အလက် ထုတ်ပြန်သွားမည်ဟု Jubba Airways က ပြောသည်။

Source: Reuters, BBC