အရှေ့အလယ်ပိုင်းဒေသ ခရီးစဥ်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဆော်ဒီသို့ ရောက်ရှိ

အရှေ့အလယ်ပိုင်းဒေသ ခရီးစဥ်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဆော်ဒီသို့ ရောက်ရှိ
ဇူလိုင် 16, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်း၏ အရှေ့အလယ်ပိုင်းဒေသ ခရီးစဥ်အတွင်း အစ္စရေးနိုင်ငံမှ ဆော်ဒီအာရေဗီးယားနိုင်ငံသို့  တိုက်ရိုက်လေကြောင်းခရီးစဥ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

 ဇူလိုင်လ (၁၅) ရက်နေ့တွင် ဆော်ဒီသို့ရောက်ရှိလာသည့် သမ္မတဂျိုးဘိုင်ဒန်က အိမ်ရှေ့မင်းသား မိုဟမ်မက်ဘင်ဆဲလ်မန်းနှင့် လက်သီးချင်းတို့ထိ နှုတ်ဆက်ခဲ့ပြီး ဘုရင်ဆဲလ်မန်းနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်ကို ဆော်ဒီအစိုးရ ရုပ်မြင်သံကြားသတင်းက ထုတ်လွှင့်ခဲ့သည်။

အရှေ့အလယ်ပိုင်းခရီးစဥ် မစတင်မီတွင်မူ သမ္မတဂျိုးဘိုင်ဒန်က COVID-19 ကူးစက်မှုကို ကြိုတင်ကာကွယ်မှုအဖြစ် လက်ဆွဲနှုတ်ဆက်ခြင်းကဲ့သို့ အနီးကပ်ထိတွေ့မှုများကို ရှောင်လိမ့်မည်ဟု အမေရိကန်အစိုးရအရာရှိများက ပြောခဲ့သည်။

 သို့သော် သမ္မတဂျိုးဘိုင်ဒန်က ၎င်း၏ခရီးစဥ်အတွင်း အစ္စရေးသို့ ရောက်ရှိခဲ့စဥ်ကလည်း နိုင်ငံ့ခေါင်းဆောင်များနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်ကို တွေ့ရသည်။

ယခုခရီးစဥ်နှင့်အတူ ဆော်ဒီက အစ္စရေးလေယာဥ်များကို နိုင်ငံလေပိုင်အတွင်း ဖြတ်သန်းဝင်ရောက်ရန် စတင်ခွင့်ပြုခဲ့ရာ သမ္မတဂျိုးဘိုင်ဒန်၏ လေကြောင်းခရီးစဥ်က အစ္စရေးမှ ဆော်ဒီသို့ တိုက်ရိုက်ပျံသန်းသည့် သမိုင်းမှတ်တမ်းဝင် လေကြောင်းခရီးစဥ်လည်း ဖြစ်လာခဲ့သည်။ 

လေပိုင်နက် ဖြတ်သန်းဝင်ရောက်ခွင့်ပြုလိုက်ခြင်းက ဆော်ဒီနှင့်အစ္စရေးတို့ကြား ပုံမှန်ဆက်ဆံရေးထူထောင်မှု လက္ခဏာတစ်ရပ်ဖြစ်ပြီး အမေရိကန်သမ္မတက ဆော်ဒီ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့သည်။

ဆော်ဒီအစိုးရအား ဆန့်ကျင်သူ အမေရိကန်အခြေစိုက် ဂျာနယ်လစ် Jamal Khashoggi ကို ဆော်ဒီအေးဂျင့်များက သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်နောက်ပိုင်း သမ္မတဂျိုးဘိုင်ဒန်၏ ယခုခရီးစဥ်အပေါ် ဝေဖန်မှုများလည်း ရှိနေခဲ့သည်။ 

ဂျိုးဘိုင်ဒန်ကတော့ ၎င်းအနေဖြင့် ဆက်ဆံရေးမပျက်လိုဟုဆိုကာ ၎င်း၏ခရီးစဥ်ကို ကာကွယ်ခဲ့သည်။ 

ဂျိုးဘိုင်ဒန်က ဆော်ဒီနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အားကောင်းခိုင်မာစေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ်အတွင်း အမေရိကန်သတင်းဌာန Washington Post အတွက် အလုပ်လုပ်ကိုင်သူ Jamal Khashoggi အသတ်ခံရမှုနှင့်အတူ အမေရိကန်-ဆော်ဒီ ဆက်ဆံရေးမှာ အဆိုးရွားဆုံး စိန်ခေါ်မှုကို ကြုံခဲ့ရသည်။ 

အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက Jamal Khashoggi အသတ်ခံရမှုမှာ ဆော်ဒီအိမ်ရှေ့မင်းသား၏ အမိန့်ပေးစေခိုင်းမှုဖြစ်ကြောင်း စွပ်စွဲခဲ့ကြသည်။

အိမ်ရှေ့မင်းသား ဘင်ဆဲလ်မန်းကမူ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ဆော်ဒီအစိုးရရှေ့နေများက ထိုဖြစ်ရပ်အတွက် ရန်လိုဆိုးသွမ်းသော ဆော်ဒီအေးဂျင့်များကို အပြစ်ဖို့ခဲ့သည်။ 

Jamal Khashoggi ကို သတ်မှုအတွက် ဆော်ဒီကို အပယ်ခံဖြစ်စေရန် လုပ်ဆောင်မည်ဟု ၂၀၁၉ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုအတွင်း ဂျိုးဘိုင်ဒန်က ပြောဆိုခဲ့ဖူးသည်။

သို့သော် စွမ်းအင်နှင့် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများက ရုရှား၊ တရုတ်တို့နှင့် ဆက်ဆံရေး အားကောင်းလာသည့် ဆော်ဒီကို ပစ်ပယ်မထားရန် သမ္မတဘိုင်ဒန်နှင့် ၎င်း၏လက်ထောက်များအတွက် ဆုံးဖြတ်မှုတွင် တွန်းအားတစ်ရပ်ဖြစ်ခဲ့သည်ဟု ဆိုသည်။ 

ယခုခရီးစဥ်အတွင်း ဂျိူးဘိုဒန်နှင့် ဆော်ဒီအာဏာပိုင်များ ဆွေးနွေးကြရာတွင် ရေနံကိစ္စမှာ အဓိက အကြောင်းအရာတစ်ခုအဖြစ် ပါဝင်နေပြီး ဆော်ဒီကို ရေနံထုတ်လုပ်မှု တိုးမြှင့်ရန် အမေရိကန်သမ္မတက တိုက်တွန်းဖွယ်ရှိသည်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်း၏ အရှေ့အလယ်ပိုင်းခရီးစဥ်အဖြစ် ဇူလိုင်လ (၁၃) ရက်နေ့တွင် အစ္စရေးနိုင်ငံသို့ စတင်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ယခုခရီးစဥ်အတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အစ္စရေးဝန်ကြီးချုပ် Yair Lapid တို့က အီရန်နိုင်ငံ နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းမရှိစေရန် တားဆီးရေး ပူးတွဲသဘောတူညီချက်ကို ဇူလိုင်လ (၁၄) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ 

ဂျိုးဘိုင်ဒန်က အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ပြန်လည်အားကောင်းလာစေရန်လည်း ရည်ရွယ်ပြီး အနောက်ဘက်ကမ်းခြေဒေသသို့လည်း သွားရောက်ကာ ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

ပါလက်စတိုင်းတို့အတွက် ငွေကြေးအကူအညီ အမေရိကန်ဒေါ်လာ သန်း (၃၀၀) ပေးမည်ဟုလည်း ဂျိုးဘိုင်ဒန်က ကြေညာခဲ့သည်။

Source: Reuters, BBC, Politico

Photo: andar Algaloud/Courtesy of Saudi Royal Court,