အိန္ဒိယတွင် တုတ်တုတ်တစ်စီးပေါ် လူ (၂၇) ဦး တင်ဆောင်လာခဲ့မှုကြောင့် ရဲတပ်ဖွဲ့ အံ့ဩမှင်သက်ခဲ့ရ

By Mr John

 အိန္ဒိယနိုင်ငံ မြို့ငယ်လေးတစ်ခုတွင် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်ကာ အရှိန်မြှင့် မောင်းနှင်သွားသော တုတ်တုတ် ခေါ် သုံးဘီးယာဥ်ငယ်တစ်စီးကို ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ရာ ထိုသေးငယ်သည့်ယာဥ်အတွင်း လိုက်ပါလာသူအရေအတွက်ကို မြင်တွေ့ပြီး အံ့အားသင့်ခဲ့ကြရသည်။ 

Fatehpur မြို့တွင် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့သည့် တုတ်တုတ်ပေါ်မှ ကလေးနှင့် လူကြီး စုစုပေါင်း လူ (၂၇) ဦး ဆင်းလာကြသည်ကို ဗီဒီယိုမှတ်တမ်း၌ တွေ့ရပြီး ထိုဗီဒီယိုမှာ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေခဲ့သည်။

ဗီဒီယိုတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက တုတ်တုတ်ပေါ်မှ ဆင်းလာသည့် ခရီးသည်တစ်ဦးချင်းစီကို နံပါတ်စဥ် မှတ်သားနေခဲ့သည်ကိုလည်း တွေ့ရသည်။ တုတ်တုတ်တစ်စီးတွင် ပုံမှန်အားဖြင့် လူ (၃) ဦး တင်ဆောင်နိုင်သော်လည်း အချို့သော တုတ်တုတ်ယာဥ်များကို ခရီးသည် (၆) ဦးအထိ တင်ဆောင်နိုင်ရန် ပြုပြင်မွမ်းမံထားကြသည်။ 

သို့သော် ယခုကဲ့သို့ လူ (၂၇) ဦးအထိ တင်ဆောင်လာခြင်းမှ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်စရာဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်သည့် အူတာပရာဒက်ရှ်ပြည်နယ်ရှိ Fatehpur မြို့တွင် ထိုဖြစ်ရပ်ကို တွေ့ခဲ့ကြရသည်။ 

အိန္ဒိယမီဒီယာတွင် ဖော်ပြမှုအရ အမြန်မောင်းနှင်သွားသည့် တုတ်တုတ်တစ်စီးကို ရဲတပ်ဖွဲ့က ရပ်တန့်ရန် အချက်ပြခဲ့ရာ တုတ်တုတ်မောင်းသူက ရပ်မပေးဘဲ အရှိန်မြှင်ကာ မောင်းပြေးခဲ့သည်။ 

ထို့နောက် ရဲတပ်ဖွဲ့က ထိုတုတ်တုတ်ယာဥ်နောက်သို့လိုက်ပြီး ရပ်တန့်စေခဲ့သည်ဟု ဆိုသည်။

တုတ်တုတ်ပေါ်တွင် လိုက်ပါလာသူများကို အောက်သို့ဆင်းခိုင်းခဲ့ရာ လူအရေအတွက် (၂၇) ဦး တွေ့ခဲ့ရသဖြင့် ရဲတပ်ဖွဲ့ဝင်များ အံ့အားသင့်ခဲ့ကြရကြောင်း Fatehpur ရဲတပ်ဖွဲ့၏ ရဲမှူး ရာဂျက်စ်ကူးမားက Times of India သတင်းစာကို ပြောခဲ့သည်။ တုတ်တုတ်ပေါ်တွင် ကလေး (၁၃) ဦး၊ လူကြီး (၁၂) ဦးနှင့် ယာဥ်မောင်တစ်ဦး လိုက်ပါလာသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့က အဆိုပါ တုတ်တုတ်ယာဥ်ကို စက်တပ်ယာဥ်များအက်ဥပဒေ Motor Vehicles Act အရ အရှိန်လွန်မောင်းနှင်မှုနှင့် အဆမတန်တင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

တုတ်တုတ်ယာဥ်မောင်း Amzad ကို စစ်ဆေးခဲ့ရာ ယာဥ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းအပြည့်အစုံ ပြသခဲ့သည်ဟု ဆိုသည်။ 

"ကျွန်တော်တို့ ရဲအဖွဲ့က ယာဥ်အသွားအလာ စစ်ဆေးနေတုန်းမှာ အရှိန်လွန်မောင်းနှင်သွားတဲ့ တုတ်တုတ်ကို တွေ့ရတယ်။ ယာဥ်မောင်းက အရှိန်မြှင့်မောင်းပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တယ်။ ကျွန်တော်တို့အဖွဲ့က နောက်ကလိုက်ပြီး တစ်နေရာမှာ ရပ်တန့်စစ်ဆေးခဲ့တော့ အထဲမှာ လူနှစ်ဒါဇင်ကျော်ပါလာတာတွေ့ပြီး အံ့ဩသွားခဲ့ရတယ်ဗျာ" ဟု ရဲမှူး ရာဂျက်စ်ကူးမားက ပြောသည်။

ဆိုရှယ်မီဒီယာတွင် တုတ်တုတ်ပေါ်မှ လူ (၂၇) ဦး ဆင်းလာသည့်ဗီဒီယိုကို ကြည့်ရှုမှုအကြိမ်ရေ ထောင်ပေါင်းများစွာရှိခဲ့ပြီး Twitter အသုံးပြုသူ အများအပြားက ဟာသမှတ်ချက်များ ရေးခဲ့ကြသည်။ 

အချို့က ယခုဖြစ်ရပ်ကို ကမ္ဘာ့စံချိန်တင်ဟု ပြောကြပြီး အခြားသူများကမူ အိန္ဒိယ၏ မလုံလောက်သော သယ်ယူပို့ဆောင်ရေး အခြေအနေကို မြင်သာစေသည်ဟု ဝေဖန်ကြသည်။

အိန္ဒိယတွင် တုတ်တုတ်ယာဥ်များမှာ အသုံးများကြသည့် သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်သည်။ တုတ်တုတ်များကို အိန္ဒိယတွင် နေရာအနှံ့၌ တွေ့ရသော်လည်း စီးနင်းခမှာ ဈေးကြွးပြီး ဘတ်စ်ကားများထက် အဆများစွာပိုကြောင်း သိရသည်။ 

သို့သော် တက္ကစီယာဥ်များထက် ငှားရမ်းစီးနင်းခ များစွာဈေးသက်သာဆဲဖြစ်ပြီး အိန္ဒိယ လူလတ်တန်းစားများကြား အလွန်အသုံးများသည်။

Source: Times of India, BBC

Video: Piyush Rai