တရုတ်နိုင်ငံရှိ မြို့အများအပြားတွင် အပူလှိုင်းဖြတ်ပြီး အလွန်ပူပြင်းမှု ကြုံတွေ့နေရ

Photo: REUTERS/Aly Song/File Photo
Photo: REUTERS/Aly Song/File Photo
တရုတ်နိုင်ငံရှိ မြို့အများအပြားတွင် အပူလှိုင်းဖြတ်ပြီး အလွန်ပူပြင်းမှု ကြုံတွေ့နေရ
ဇူလိုင် 13, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံ၏ စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့နှင့် အခြား တရုတ်မြို့များတွင် အလွန်ပူပြင်းသည့် အပူချိန်များ ကြုံတွေ့နေရပြီး ပုံမှန်မဟုတ်သော ပူပြင်းလွန်းသည့် မိုးလေဝသအခြေအနေက လမ်းမများတွန့်ကြေ ခုံးကြွမှုနှင့် အုတ်ကြွပ်အမိုးများမှ မြည်သံထွက်ပေါ်ခဲ့ပြီး လူအများက အပူဒဏ်သက်သာရန် မြေအောက်နေရာများသို့ သွားရောက်နေထိုင်ကြသည်ဟု ဆိုသည်။ 

ဇူလိုင်လ (၁၂) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၃) နာရီတွင် တရုတ်နိုင်ငံရှိ မြို့ (၈၆) ခု၌ အပူဒဏ်အန္တရာယ် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အနီရောင်အဆင့်မှာ သတိပေချက်အဆင့် (၃) ခုအနက် အမြင့်ဆုံးလည်းဖြစ်ပြီး လာမည့် (၂၄) နာရီအတွင်း အပူချိန် (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်နိုင်ကြောင်း သတိပေးထားသည်။ 

အနီရောင်အဆင့် သတိပေးချက်အရ ဆောက်လုပ်ရေးနှင့် အဆောက်အအုံပြင်ပ အလုပ်လုပ်ကိုင်မှုများကို ရပ်ဆိုင်းထားရန်လည်း ဖြစ်သည်။ 

COVID-19 ဖြစ်ပွားမှုကို တိုက်ဖျက်နေရဆဲဖြစ်သည့် ရှန်ဟိုင်းမြို့တွင် မြို့၏လူဦးရေ (၂၅) သန်းကို ယခုသီတင်းပတ်အတွင်း ပူပြင်းသည့် မိုးလေဝသအခြေအနေအတွက် ကြိုတင်ပြင်ဆင်ကြရန် ပြောထားသည်။

ရှန်ဟိုင်းတွင် (၅) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အနီရောင်အဆင့် သတိပေးချက်ထုတ်ထားကြောင်း သိရသည်။ 

၁၈၇၃ ခုနှစ်တွင် မှတ်တမ်းများ စတင်ထားရှိခဲ့ချိန်နောက်ပိုင်း ရှန်ဟိုင်းမြို့၌ အပူချိန် (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်ခဲ့သည့်ရက် (၁၅) ရက်မျှသာ ရှိခဲ့သည်။ 

အပူချိန်မြင့်တက်မှုနှင့်အတူ ရေခဲမုန့်၊ ဖရဲသီးနှင့် နွေရာသီတွင် လူကြိုက်များသော ကျောက်ပုစွန်ဟင်းလျာတစ်မျိုးတို့ ရောင်းအားထိုးတက်လာကြောင်း ရောင်းချသူများက ပြောသည်။

ရှန်ဟိုင်းတောရိုင်းတိရိစ္ဆာန်ဥယျာဥ်တွင် ခြင်္သေ့များ၊ ပန်ဒါဝက်ဝံများနှင့် အခြား တိရိစ္ဆာန်များကို အအေးဓာတ်ပေးရန် တစ်ရက်လျှင် ရေခဲပမာဏ (၈) တန် အသုံးပြုခဲ့ရကြောင်း သိရသည်။ 

ဆိုရှယ်မီဒီယာတွင် မျှဝေထားသည့် ဓာတ်ပုံတစ်ပုံ၌ ရောဂါကာကွယ်ရေးဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် COVID-19 တိုက်ဖျက်ရေးမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက လမ်းဘေးတစ်နေရာ၌ (၃) ပေမြင့်သော ရေခဲတုံးကြီးတစ်တုံးကို ပွေ့ဖက်ထားသည်ကို တွေ့ရသည်။

"အရင်ကထက် ဒီနှစ်မှာ ပိုစောပြီး ပူလာခဲ့တယ်။ ဇူလိုင်လပဲရှိသေးပေမဲ့ အပူချိန်က မြင့်နေပြီ။ အိမ်ပြန်ရောက်တဲ့အခါ လေအေးပေးစက်ဖွင့်ထားဖို့လိုပြီး အပြင်ထွက်ရင် နေလောင်ခံခရင်မ် လိမ်းနေရတယ်" ဟု သူမ၏ အသက် (၅) နှစ်အရွယ် သားဖြစ်သူက ရေပန်းတစ်ခုတွင် ဆော့ကစားနေစဥ် ရှန်ဟိုင်းမြိုခံ Zhu Daren အမည်ရှိ အမျိုးသမီးက ပြောသည်။ 

တရုတ်နိုင်ငံ၏ ယခုနှစ် နွေရာသီမှာ အပူလှိုင်းများ၊ မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ကသောင်းကနင်းဖြစ်နေခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကို ကိုးကားပြီး အာဏာပိုင်တွေက ဇူလိုင်လလယ်ပိုင်းမှစတင်ကာ သဘာဝဘေးအန္တရာယ်များကို သတိပေးထားခဲ့သည်။ 

ဇူလိုင်လလယ်မှာ တရုတ်တွင် များသောအားဖြင့် တစ်နှစ်တာ၏ အပူဆုံးနှင့် အစိုစွတ်ဆုံး အချိန်ကာလဖြစ်ကြောင်းလည်း သိရသည်။ 

တရုတ်တောင်ပိုင်း Jiangxi ပြည်နယ်ရှိ မြို့နယ်တစ်ခုတွင် အပူရှိန်ကြောင့် လမ်းမတစ်ခု၏ လမ်ပိုင်းတစ်နေရာမှာ အနည်းဆုံး (၆) လက် ခုံးကြွလာခဲ့ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြားသတင်းက ဖော်ပြသည်။

#TachileikNewsAgency

Source: Reuters