အိန္ဒိယတွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် အဆောက်အအုံပြိုကျပြီး လူ (၁၉) ဦး သေဆုံး

အိန္ဒိယတွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် အဆောက်အအုံပြိုကျပြီး လူ (၁၉) ဦး သေဆုံး
By Mr John

 အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် (၄) ထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး အနည်းဆုံး လူ (၁၉) ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ဇွန်လ (၂၈) ရက်တွင် ပြောသည်။ 

ထို အဆောက်အအုံမှာ မွမ်ဘိုင်းမြို့လယ်ရှိ ဆင်းရဲသားရပ်ကွက် တစ်ခုဘေးတွင် တည်ရှိကြောင်းနှင့် ဇွန်လ (၂၇) ရက်နေ့  ညသန်းခေါင်မတိုင်မီ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ အစိုးရအရာရှိများက ဆိုသည်။

ဇွန်လ (၂၈) ရက်နေ့ ညပိုင်းအထိ ပြိုကျခဲ့သည့် အဆောက်အအုံထဲက လူ (၁၄) ဦးကို ကယ်ထုတ်နိုင်ခဲ့သော်လည်း ကယ်ဆယ်ရေးသမားများက အပျက်အစီးများအောက်မှ အလောင်း (၁၉) လောင်း ပြန်ရခဲ့ကြောင်း သိရသည်။ 

"ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်" ဟု အိန္ဒိယနိုင်ငံ National Disaster Response Force မှ ပြောခွင့်ရပုဂ္ဂိုလ်က AFP သတင်းဌာနကို ပြောခဲ့သည်။

အဆောက်အအုံပြိုကျမှုအတွင်း သေဆုံးခဲ့သူတွေအနက် အနည်းဆုံး (၆) ဦးမှာ အသက် (၁၈) နှစ်နှင့် (၂၁) နှစ်ကြားဖြစ်ကြောင်း အာဏာပိုင်တွေက ဆိုသည်။ 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကွန်ကရစ်အပိုင်းအစများကို ရွှေ့ပြောင်းနေပြီး ရွံ့နွံနှင့် အပျက်အစီးများကြား အသက်ရှင်ကျန်သူများကို ရှာဖွေနေသည့် ကယ်ဆယ်ရေးသမားများအတွက် နှောင့်နှေးမှုကြုံခဲ့ရသည်။

ဇွန်လမှ စက်တင်ဘာလအထိ ရွာသွန်းလေ့ရှိသည့် မုတ်သုံမိုးများက အိန္ဒိယတွင် မြစ်များနှင့် မြေအောက်ရေ ဖြည့်တင်းရန် အရေးကြီးသော်လည်း ရေကြီးမှုကြောင့်လည်း ပျက်စီးမှုအများအပြား ဖြစ်လေ့ရှိကြောင်း သိရသည်။ 

အိုဟောင်းနေမှုနှင့် တည်ဆောက်မှုပိုင်း ညံ့ဖျင်းမှုတို့ကြောင့် ထိုကာလအတွင်း နေ့စဥ်ရက်ဆက် မိုးအဆက်မပြတ်ရွာသွန်းရာမှ အဆောက်အအုံ ပြိုကျမှုများ အဖြစ်များသည်ဟု ဆိုသည်။

မဟာရက်ရှ်ထရာပြည်နယ် ဝန်ကြီးချုပ် Aaditya Thackeray က အလားတူ ပျက်စီးယိုယွင်းမှုရှိသော အဆောက်အအုံများတွင် နေထိုင်ကြသူများကို ရွှေ့ပြောင်းကြရန် တိုက်တွန်းခဲ့သည်။ 

"ကျေးဇူးပြုပြီး ပြည်သူတွေအနေနဲ့ အခုလို ဝမ်းနည်းစရာ ဘေးအန္တရာယ်တွေကို ရှောင်ရှားဖို့ အရပ်ဘက်အာဏာပိုင်တွေ ပြောတာကို နားထောင်ကြပြီး တခြားနေရာတွေကို ရွှေ့ပြောင်းကြပါ" ဟု Aaditya Thackeray က ပြောသည်။

မဟာရက်ရှ်ထရာပြည်နယ်တွင် ယမန်နှစ်က မုတ်သုံမိုးသည်းထန်ပြီး ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူ (၂၀၀) သေဆုံးခဲ့ပြီး လူဦးရေ (၂၅၀,၀၀၀) မှာ ၎င်းတို့၏ နေအိမ်များမှ ရွှေ့ပြောင်းခဲ့ကြရသည်။ 

လူဦးရေ သန်း (၂၀) ကျော် နေထိုင်ကြသည့် မွမ်ဘိုင်းမြို့မှာ မဟာရက်ရှ်ထရာပြည်နယ်၏ မြို့တော်ဖြစ်သည်။

Source: AFP

Photo: AFP/Indranil Mukherjee,