ဟောင်ကောင်၏ အထင်ကရနေရာ Jumbo ရေပေါ်စားသောက်ဆိုင် တောင်တရုတ်ပင်လယ်အတွင်း နစ်မြုပ်သွား

Photo: AP/Kin Cheung
Photo: AP/Kin Cheung
ဟောင်ကောင်၏ အထင်ကရနေရာ Jumbo ရေပေါ်စားသောက်ဆိုင် တောင်တရုတ်ပင်လယ်အတွင်း နစ်မြုပ်သွား
By Mr John

တရုတ်နှင့် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် ဟောင်ကောင်၏ အထင်ကရ နေရာတစ်ခုဖြစ်သော Jumbo ရေပေါ်စားသောက်ဆိုင်မှာ တောင်တရုတ်ပင်လယ်ပြင်အတွင်း နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။ 

ရေပေါ်စားသောက်ဆိုင်အဖြစ် ဖွဲ့စည်းတည်ဆောက်ထားသည့် ရေယာဥ်မှာ အခြေအနေဆိုးလာခဲ့ပြီးနောက် ပင်လယ်ပြင်အတွင်း နစ်မြုပ်သွားခဲ့ကြောင်း Aberdeen Restaurant Enterprises က ဇွန်လ (၂၀) ရက် ညပိုင်း ထုတ်ပြန်ချက်တစ်ခုတွင် ပြောထားသည်။

Jumbo ရေပေါ် စားသောက်ဆိုင်ကို ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်နေ့က ဟောင်ကောင်ကနေ ပင်လယ်ပြင်သို့ ဆွဲခေါ်သွားခဲ့ခြင်း ဖြစ်သည်။ 

ဇွန်လ (၁၉) ရက် မွန်းလွဲပိုင်းအထိ အဆင်ပြေနေခဲ့သော်လည်း တောင်တရုတ်ပင်လယ်ပြင်အတွင်း Xisha ကျွန်းစုကို ဖြတ်သန်းချိန်တွင် အခြေအနေဆိုးလာခဲ့ပြီး မကြာမီ ရေပေါ်စားသောက်ဆိုင်လုပ်ထားတဲ့ ရေယာဥ်ထဲသို့ ရေများဝင်လာခဲ့ကြောင်း သိရသည်။

ရေပေါ်စားသောက်ဆိုင်ကို ပင်လယ်ပြင်အတွင်းသို့ ဆွဲခေါ်သွားသည့် လုပ်ငန်းကို တာဝန်ယူထားသော ကုမ္ပဏီက ရေယာဥ်ကို ကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဇွန်လ (၂၀) ရက်နေ့တွင် နစ်မြုပ်သွားခဲ့ကြောင်းနှင့် အသေအပျောက် မရှိခဲ့ကြောင်း Aberdeen Restaurant Enterprises က ပြောသည်။ 

Jumbo ရေပေါ်စားသောက်ဆိုင် ရေယာဥ် နစ်မြုပ်သွားသည့် ပင်လယ်ပြင်နေရာမှာ ရေအနက် ပေ (၃,၂၈၀) ကျော်ရှိရာ ပြန်လည်ဆယ်ယူရန် အလွန်ခက်ခဲကြောင်း ကုမ္ပဏီက ဆိုသည်။

AFP သတင်း၏ အဆိုအရ Jumbo ရေပေါ်စားသောက်ဆိုင်၏ ပိုင်ရှင်သည့် Melco International Development ကုမ္ပဏီက ဇွန်လအတွင်း ၎င်း၏ လိုင်စင်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ Jumbo ကို ဟောင်ကောင်ကနေ မည်သည့်နေရာဟု မဖော်ပြထားသော နေရာတစ်ခုသို့ ထွက်ခွာမည်ဖြစ်ပြီး ထိုနေရာတွင် နောက်ထပ် လုပ်ငန်းလုပ်ကိုင်သူအသစ်ကို စောင့်ဆိုင်းမည်ဟု မေလအတွင်း ကြေညာခဲ့ကြောင်း သိရသည်။

Jumbo ရေပေါ်စားသောက်ဆိုင်ကို COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ် မတ်လအတွင်း ပိတ်ခဲ့ရသည်။ 

အဆိုပါ ရေပေါ်စားသောက်ဆိုင်ကို ၁၉၇၆ ခုနှစ် နှောင်းပိုင်းတွင် ကာစီနိုလုပ်ငန်းရှင်ကြီး Stanley Ho က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်သည်ကုန်ကျစရိတ် ဟောင်ကောင်ဒေါ်လာ သန်း (၃၀) (အမေရိကန်ဒေါ်လာ ၃.၈ သန်း) ကုန်ကျခဲ့သည်။ 

ရေပေါ်စားသောက်ဆိုင် ရေယာဥ်မှာ အရှည် (၂၄၉) ပေရှိပြီး စားသောက်သူ (၂,၃၀၀) ဝင်ဆံ့ကြောင်း သိရသည်။

Jumbo ရေပေါ်စားသောက်ဆိုင်တွင် ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်သ်၊ ဟောလိဝုဒ်မင်းသား တွမ်ခရုစ်နှင့် ဗြိတိသျှဘီလျံနာ ရစ်ချတ်ဘရန်ဆန်တို့ကဲ့သို့ ထင်ရှားကျော်ကြားသူများ အပါအဝင် လူပေါင်း (၃) သန်းကျော် လာရောက်စားသောက်ခဲ့ကြဖူးသည်။ 

ထို‌ရေပေါ်စားသောက်ဆိုင်တွင် ဒါရိုက်တာ Steven Soderbergh ရိုက်ကူးသည့် ကမ္ဘာ့ကပ်ရောဂါအကြောင်း Contagion ဇာတ်ကားနှင့် ဂျိမ်းစ်ဘွန်ဇာတ်ကားတစ်ကား အပါအဝင် ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးခဲ့ဖူးသည်။

Source: CNA, BBC, AFP

Photo: GETTY IMAGES, AP/Kin Cheung,