တောင်ကိုရီးယား၏ ဒုတိယမြောက် အာကာသဒုံးပျံ လွှတ်တင်မှုဖြင့် ဂြိုဟ်တုများကို အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့

Photo:  Korea Pool/Yonhap via REUTERS
Photo: Korea Pool/Yonhap via REUTERS
တောင်ကိုရီးယား၏ ဒုတိယမြောက် အာကာသဒုံးပျံ လွှတ်တင်မှုဖြင့် ဂြိုဟ်တုများကို အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့
By Mr John

တောင်ကိုရီးယားနိုင်ငံက ဇွန်လ (၂၁) ရက်နေ့တွင် ၎င်း၏ ပြည်တွင်းထုတ် Nuri ဒုံးပျံဖြင့် ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ဂြိုဟ်တုများကို အောင်မြင်စွာ စမ်းသပ်လွှတ်တင်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။

တောင်ကိုရီးယားထုတ် ဒုံးပျံကို ယမန်နှစ်အတွင်း ပထမအကြိမ် စမ်းသပ်ခဲ့ရာ မအောင်မြင်ခဲ့ပြီးနောက် ယခု အောင်မြင်မှုက နိုင်ငံ၏ အာကာသအစီအစဥ်ကို စတင်ရန် အရေးပါသည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်လာသည်။

Nuri ဒုံးပျံကို တောင်ကိုရီးယား တောင်ပိုင်းကမ်းရိုးတန်းရှိ Naro အာကာသစင်တာမှ ဇွန်လ (၂၁) ရက် ဒေသစံတော်ချိန် နံနက် (၄) နာရီအချိန်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

 ဒုံးပျံ၏ စွမ်းဆောင်ရည်ကို အတည်ပြုရန် သယ်ဆောင်သွားခဲ့သည့် အလေးချိန် (၃၅၈) ပေါင်ရှိ ဂြိုဟ်တုတစ်လုံးမှာ ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ပြီးနောက် အန္တာတိကရှိ အခြေစိုက်စခန်းတစ်ခုနှင့် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုသည်။

တောင်ကိုရီးယား ဒုံးပျံက အလေးချိန် (၁.၃) တန်ရှိ ဂြိုဟ်တုပုံစံတူ (၁) ခုနှင့် တက္ကသိုလ်များက သုတေသနအတွက် ဖန်တီးခဲ့သည့် သေးငယ်သည့် ကုဗတုံးပုံဂြိုဟ်တု (၄) ခုကိုလည်း ကမ္ဘာလမ်းကြောင်းအတွင်း အောင်မြင်စွာ နေရာချနိုင်ခဲ့ကြောင်း သိရသည်။ 

"ကိုရီးယား စကြဝဠာက အခုဆိုရင် ကျယ်ပြန့်ပွင့်လင်းသွားပြီ။ ကျွန်တော်တို့ရဲ့ သိပ္ပံနဲ့နည်းပညာက ကြီးမားတဲ့ ခြေလှမ်းတွေ လှမ်းခဲ့ပြီး" ဟု Science and ICT ဝန်ကြီး Lee Jong-ho က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

တောင်ကိုရီးယား၏ ပြည်တွင်းထုတ် KSLV-II Nuri ဒုံးပျံကို Korea Aerospace Research Institute (KARI) က ဒီဇိုင်းထုတ်ခဲ့ပြီး နောက်ဆုံးတွင် ကမ္ဘာမြေပြင်အထက် မိုင် (၃၇၀) မှ မိုင် (၅၀၀) ရှိ ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အလေးချိန် (၁.၅) တန်ကို သယ်ဆောင်သွားနိုင်ခဲ့ခြင်းက 6G ကွန်ရက်၊ ထောက်လှမ်းရေးဂြိုဟ်တုနှင့် လကမ္ဘာလေ့လာစူးစမ်းရေးတို့အတွက် နိုင်ငံ၏ ရည်မှန်းချက်ကြီးသော ပန်းတိုင်များ၏ အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာသည်။

Source: Reuters