မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ကို ကူးစက်ခံရသော လူနာများ၏ သုတ်ရည်တွင် တွေ့ရှိရကြောင်း သတင်းပေးပို့ အစီရင်ခံမှုများကို စုံစမ်းစစ်ဆေးနေပြီး ထိုရောဂါက လိင်မှတစ်ဆင့်ကူးစက်သည့် ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ လေ့လာဆန်းစစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) တာဝန်ရှိသူတစ်ဦးက ဇွန်လ (၁၅) ရက်နေ့တွင် ပြောသည်။
ဥရောပတွင် အဓိက တွေ့ရှိရသည့် လက်ရှိ မျောက်ကျောက်ရောဂါ (monkeypox) ဖြစ်ပွားမှုများကို အနီးကပ် ထိတွေ့မှုရှိခဲ့သော လိင်ဆက်ဆံဖော်များကြားတွင် တွေ့ရှိရပြီး ထိုရောဂါဗိုင်းရပ်စ်မှာ အဓိကအားဖြင့် လူအချင်းချင်း အနီးကပ် ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့ကြောင်း WHO က ထပ်လောင်းပြောခဲ့သည်။
အီတလီနှင့် ဂျာမနီတွင် မျောက်ကျောက်လူနာ လက်တစ်ဆုပ်စာ အရေအတွက်၏ သုက်ရည်ထဲတွင် ထိုရောဂါဗိုင်းရပ်စ် DNA ကို တွေ့ရှိခဲ့ကြောင်း မကြာသေးမီ ရက်များအတွင်း သိပ္ပံပညာရှင်များက ပြောသည်။
သိပ္ပံပညာရှင်များ၏ ဓာတ်ခွဲခန်းစမ်းသပ်ခဲ့သည့် နမူနာတစ်ခုအရ လူနာတစ်ဦး၏ သုက်ရည်တွင် တွေ့ရသည့်ဗိုင်းရပ်စ်က နောက်လူတစ်ဦးထံ ကူးစက်နိုင်ကြောင်းနှင့် ပွားများမှုရှိသည်ဟု ဆိုသည်။
လတ်တလော အစီရင်ခံမှုများအရ မျောက်ကျောက်ရောဂါမှာ လိင်မှတစ်ဆင့် ကူးစက်နိုင်ခြင်းရှိ မရှိ မသိနိုင်သေးကြောင်း မျောက်ကျောက်ရောဂါ ဖြစ်စဥ်ကို တုံ့ပြန်ဆောင်ရွက်နေသည့် WHO ၏ ဥရောပဒေသဆိုင်ရာ တာဝန်ရှိသူ Catherine Smallwood က ပြောသည်။
"ဒီရောဂါနဲ့ ပတ်သက်ပြီး ကျွန်မတို့ အရင်က မသိထားခဲ့တာ တစ်ခုခုဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံး ကူးစက်မှုပုံစံတွေကို ကျွန်မတို့ အာရုံစိုက်ဖို့ အမှန်တကယ် လိုအပ်ပါတယ်။ ဒီရောဂါဗိုင်းရပ်စ်ကူးစက်မှုက အရေပြားချင်း ထိတွေ့မှုနဲ့ ဆက်နွယ်နေတာကတော့ ရှင်းပါတယ်" ဟု သူမက ဆိုသည်။
WHO ၏ စာရင်းများအရ မေလအစောပိုင်းက စပြီး နိုင်ငံ (၃၀) ခန့်တွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားသူ (၁,၃၀၀) ကျော် တွေ့ရှိထားကြောင်း သိရသည်။
ထိုကူးစက်ခံရသူများအနက် အများစုမှာ အမျိုးသားများနှင့် လိင်ဆက်ဆံမှုရှိသော အမျိုးသားများ ဖြစ်ကြသည်။
မျောက်ကျောက်ရောဂါ လူအစုလိုက်အပြုံလိုက် ကူးစက်ဖြစ်ပွားမှုကို ယခင်က အာဖရိကတွင်သာ တွေ့ခဲ့ရခြင်းဖြစ်သည်။
ယခုအခါ အာဖရိကပြင်ပ အခြား ကမ္ဘာ့နေရာများ အထူးသဖြင့် ဥရောပတွင် ကူးစက်ဖြစ်ပွားမှုများ တွေ့ရှိလာရတာကြောင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်။
ဥရောပတွင် တွေ့ရှိရသည့် ကူးစက်ခံရသူ အများစုမှာ အာဖရိကတိုက်သို့ ခရီးသွားလာခဲ့သူများ မဟုတ်ကြောင်းလည်း သိရသည်။
ကူးစက်ဖြစ်ပွားမှုများ ပျံ့နှံ့နေရာ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် လူနာများနှင့် အနီးကပ် ထိတွေ့မှုရှိသူတွေကို ပစ်မှတ်ထားသည့် ကာကွယ်ဆေးထိုးမှုအစီအစဥ် ဆောင်ရွက်ရန် WHO က ထောက်ခံအကြံပြုထားသည်။
သို့သော် ကာကွယ်ဆေးများ သိုလှောင်ထားရှိရန် အလျင်အမြန် လုပ်ဆောင်ရမည့် အခြေအနေဖြစ်နေပြီဟုလည်း WHO က သတိပေးခဲ့သည်။
မျောက်ကျောက်ရောဂါမှာ ကိုယ်ပူချိန်မြင့်တက်ခြင်း အပါအဝင် ကနဦး လက္ခဏာများ ဖြစ်ပေါ်လာ ပြီးနောက် အဖုအပိမ့်များ လျင်မြန်စွာ ထွက်ပေါ်လာကြောင်း သိရသည်။
ထိုရောဂါကူးစက်ခံရသူများ၏ လက်နှင့်မျက်နှာတွင် ရေကျောက်ကဲ့သို့ အဖုအပိမ့်များ ထွက်လာသည်။
မျောက်ကျောက်ရောဂါအတွက် သတ်မှတ်ထားသော ကုသမှု မရှိသော်လည်း ရောဂါလက္ခဏာများမှာ များသောအားဖြင့် (၂) ပတ်မှ (၄) ပတ်ကြာ ပြီးနောက် ကင်းရှင်းသွားပြီး ပုံမှန်အားဖြင့် သေစေနိုင်ခြင်းမရှိပေ။
အာဖရိကပြင်ပ နိုင်ငံများတွင် လက်ရှိဖြစ်ပွားနေသော မျောက်ကျောက်ရောဂါဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ကြောင်းနှင့် ထိုဗိုင်းရပ်စ်မှာ မျိုးဗီဇပြောင်းလဲသော အထောက်အထားမရှိကြောင်း WHO က မေလ (၂၃) ရက်နေ့တွင် ပြောထားသည်။
မျောက်ကျောက်ရောဂါကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကတိုက် အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်။
Source: Reuters