စစ်ကိုင်းတိုင်း၊ ဆီမီးခုံရေနက်ဆိပ်ကမ်းမှ ထွက်လာသည့် စစ်ကောင်စီ၏ ဆီသင်္ဘောကို လုံခြုံရေးလိုက်ပါလာသော စစ်သင်္ဘောပေါ် ဇွန်လ (၁၃)ရက်၊ မနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၆)ဦးသေပြီး နှစ်ဦးထွက်ပြေး လွတ်မြောက်သွားကြောင်း CDSOM တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဆီတင်သင်္ဘောအား ကြိုရန် စစ်သင်္ဘော(၈)စီးသည် စုန်ဆင်းရာ လမ်းတလျှောက်၌ လက်နက်ကြီးများဖြင့် လမ်းကြောင်းရှင်းလင်းရန် ပစ်ခတ်သွားခဲ့ပြီးနောက် ဆီသင်္ဘောများနှင့်ဆုံကာ အထက်သို့ ပြန်တက်လာချိန်တွင် ဒေသကာကွယ်ရေး မဟာမိတ်ညီနောင်များက ကြားဖြတ် တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦးသေကာ ၎င်းတို့ဘက်မှ စနိုက်ပါဖြင့် ပြန်လည်ပစ်ခတ်နေ၍ မဟာမိတ်တပ်များပြန်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
ထို့နောက် ညီနောင်မဟာမိတ်များက အီနာဂါ (ဒရုန်းစစ်ဆင်ရေး) စတင်ခဲ့ကာ ထောက်ပို့ ဆီသင်္ဘောအား ဖျက်ဆီးရန် စီစဥ်ခဲ့သည်။ သို့သော် အဆိုပါ ဆီသင်္ဘောကြောင့် မြစ်ဘေးရှိရွာများ မီးလောင်ကုန်မည်ကို စိုးရိမ်သဖြင့် ညနေ (၄)နာရီတွင် ၆၀ မမ လက် နက်ကြီးတပ်ဆင်ပြီး လုံခြုံရေးလိုက်ပါလာသည့် သင်္ဘောကိုသာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများစု ထိုင်နေသည့်အလည်တည့်တည့်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် သင်္ဘောကုန်းပတ်ပေါ်ရပ်နေသည့် စစ်ကောင်စီတပ်သားနှစ်ဦးသာ ထွက်ပြေးနိုင်ခဲ့ပြီး (၆)ဦးသေကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM၊ PDF TALOKE၊ ပြည်သူ့တပ်မတော် (မြောင်) – Myaung Union Army စစ်ကိုင်းခရိုင်တပ်ရင်း ၁၊ ၂ မှ တပ် ခွဲ ၃၊ MGN RANGER၊ MGN TIGER၊ CRF မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့၊ Young Fighter People's Defence Force၊ Chaung U Revolution Army ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်၊ အမျိုးသမီးစစ်သည် တော်တပ်ရင်း (မြောင်) - M2W တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Video: CDSOM