ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတွင် လူဦးရေ သန်းနှင့်ချီ ရေဘေးသင့်နေပြီး လူ (၆၀) ဝန်းကျင် သေဆုံးခဲ့

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတွင် လူဦးရေ သန်းနှင့်ချီ ရေဘေးသင့်နေပြီး လူ (၆၀) ဝန်းကျင် သေဆုံးခဲ့
By Mr John

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အာဆမ်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ရာ လူဦးရေ သန်းနှင့်ချီ ရေဘေးဒုက္ခကြုံရပြီး သေဆုံးသူ (၆၀) ဝန်းကျင်ရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်အရှေ့မြောက်ပိုင်းတွင် နှစ်ပေါင်း (၂၀) နီးပါးအတွင်း အဆိုးဆုံး ရေကြီးမှုဖြစ်ပေါ်ခဲ့ရာမှ မေလ (၂၂) ရက်နေ့က ရေပြန်ကျနေပြီဖြစ်သော်လည်း သန်းနှင့်ချီသော ရေဘေးဒုက္ခကြုံရသူတွေကို ကူညီရန် ကယ်ဆယ်ရေးသမားများ ရုန်းကန်နေခဲ့ကြရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနိမ့်ပိုင်းဒေသများနှင့် အိမ်နီးချင်း အိန္ဒိယအရှေ့မြောက်ပိုင်းရှိ လူဦးရေ သန်းနှင့်ချီပြီး ရေကြီးမှုကို ပုံမှန်ကြုံတွေ့ရလေ့ရှိသည်။

သို့သော် ရာသီဥတုပြောင်းလဲမှုက ရေကြီးမှုဖြစ်ပွားသည့်အကြိမ်ရေ ပိုများလာခြင်း၊ ရေကြီးမှုအခြေအနေ ပိုမိုဆိုးရွားခြင်းနှင့် ကြိုတင်မခန့်မှန်းနိုင်ခြင်းတို့ ဖြစ်လာစေသည်ဟု ကျွမ်းကျင်သူအများအပြားက ဆိုသည်။



ပြီးခဲ့သည့် သီတင်းပတ်အတွင်း အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ရေကြီးမှုများ  ဖြစ်ပေါ်လာခဲ့ရာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sylhet နယ်မြေရှိ အဓိက ရေကာတာတစ်ခု ကျိုးပေါက်ခဲ့မှုကြောင့် လူဦးရေ (၂) သန်းခန့် ရေဘေးသင့်ကာ ဒါဇင်နှင့်ချီသည့် ကျေးရွာများ ရေလွှမ်းမိုးခံရပြီး လူ (၁၀) ထက်မနည်း သေဆုံးခဲ့သည်။

Sylhet ခရိုင်၏ (၇၀) ရာခိုင်နှုန်းခန့်နှင့် အိမ်နီးချင်း Sunamganj ခရိုင်၏ (၆၀) ရာခိုင်နှုန်းခန့်မှာ ရေကြီးနေခဲ့ကြောင်း ရေကြီးမှု ကြိုတင်ခန့်မှန်းရေးနှင့် သတိပေးဌာန အကြီးအကဲ Arifuzzman Bhuiyan က AFP သတင်းဌာနကို ပြောသည်။



"နယ်မြေအတွင်းမှာ အဆိုးဆုံး ရေကြီးမှုတွေထဲက တစ်ခုပဲ" ဟု ၎င်းကဆိုသည်။

သို့သော် မိုးသည်းထန်စွာ ရွာသွန်းမှုများ ရပ်သွားပြီးနောက် လာမည့်ရက်အနည်းငယ်အတွင်း အခြေအနေ ပိုမိုတိုးတက်လာမည်ဟု  Arifuzzman Bhuiyan က ခန့်မှန်းပြောကြားသည်။

ရေဘေးသင့်ပြည်သူ (၂) သန်းခန့်ကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဥ် မေလ (၂၁) ရက်နေ့က အစွန်အဖျားနေရာရှိ Companygan မြို့တွင် ခိုက်ရန်ဖြစ်ပွားမှုရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။



"ခန့်မှန်းထားတဲ့ ကယ်ဆယ်ရေးပစ္စည်းအထုပ်ထက် ရေဘေးသင့်သူတွေက ပိုများနေတယ်။ ပစ္စည်းထုပ်တွေလုကြရင်းနဲ့ ခိုက်ရန်ဖြစ်ကြတာ။ ရဲတပ်ဖွဲ့က လုစုခွဲခဲ့ရတယ်" ဟု ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲ Sukanto Chakrobarti က AFP ကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်တစ်လျှောက် ရေကာတာကျိုးပေါက်မှုကို ပြန်မပြင်ရသေးကြောင်း Sylhet ခရိုင် အကြီးအကဲ Mozibur Rahman က ဆိုသည်။



"အိန္ဒိယဘက်က ရေစီးဝင်လာနေတာ မကျသွားဘဲနဲ့ ရေကာတာကို ပြင်လို့ မရဘူး။ Sylhet မြို့မှာ ရေနစ်မြုပ်နေတဲ့ အခြေအနေကတော့ တိုးတက်လာပါပြီ။ ဒါပေမဲ့ မြို့ပြင်နေရာတွေကတော့ ရေနစ်မြုပ်နေဆဲပဲ။ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဖို့ကြိုးစားနေပါတယ်။ ရေဘေးသင့်သူတွေအတွက် ရာနဲ့ချီတဲ့ ခိုလှုံရေးစခန်းတွေ ဖွင့်ထားပါတယ်" ဟု ၎င်းက ပြောသည်။



ရေကြီးရေလျှံမှုများ တဖြည်းဖြည်း လျော့နည်းကျဆင်းနေသည့် Sylhet မြို့တွင် မေလ (၂၂) ရက်နေ့က မြို့ခံတစ်ဦးဖြစ်သူ Mofizul Islam မှာ မော်တော်ဆိုင်ကယ် မောင်းနှင်သွားစဥ် ရေအောက်ရှိ ချိုင့်တစ်ခုထဲကျသွားရာမှ ဆိုင်ကယ်လဲသွားခဲ့သည်ဟု ဆိုသည်။

 ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်း အိန္ဒိယတွင်လည်း ရက်နှင့်ချီကြာ ရေကြီးမှုများ၊ မြေပြိုမှုများနှင့် မိုးသက်မုန်တိုင်းများ ဖြစ်ပေါ်ခဲ့ပြီး လူ (၅၀) ဝန်းကျင် သေဆုံးခဲ့ကြောင်း ဒေသခံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက ထုတ်ပြန်သည်။



အိန္ဒိယအရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် (၁၈) ဦးရှိလာကြောင်း အာဏာပိုင်တွေက မေလ (၂၂) ရက်နေ့တွင် ပြောသည်။

အာဆမ်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ Assam State Disaster Management Authority (ASDMA) ၏ အဆိုအရ ကျေးရွာ ၃,၂၅၀ မှာ တစ်စိတ်တပိုင်း သို့မဟုတ် လုံးဝ ရေနစ်မြုပ်နေခဲ့ကြောင်း သိရသည်။



ရေကြီးမှု အခြေအနေမှာ အနည်းငယ် တိုးတက်လာခဲ့သော်လည်း အချို့ခရိုင်များတွင် ဆိုးရွားနေဆဲဖြစ်ကြောင်း ASDMA အရာရှိတွေက ပြောသည်။

၎င်းတို့၏ ခန့်မှန်းမှုအရ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် လူဦးရေ ၉၂,၀၀၀ ကျော် ခိုလှုံနေထိုင်လျက်ရှိကြောင်း နှင့်  ကယ်ဆယ်ရေးသမားတွေက စစ်တပ်အကူအညီဖြင့် ကျေးရွာများမှ လူတွေကို ကယ်ဆယ်ရန်နှင့် စားနပ်ရိက္ခာ၊ သန့်ရှင်းသည့် သောက်ရေနှင့် အခြား မရှိမဖြစ်ပစ္စည်းများ ဝေငှရန် လုပ်ဆောင်နေကြပြီး လမ်းများကိုလည်း ရှင်းလင်းနေကြသည်ဟု ဆိုသည်။



အာဆမ်ပြည်နယ် အနောက်ဘက် ဘီဟာပြည်နယ်တွင် မေလ (၁၉) ရက်နေ့က မိုးသက်မုန်တိုင်းများ ကျရောက်မှုအတွင်း အနည်းဆုံး လူ (၃၃) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဘီဟာပြည်နယ်မှာ အိန္ဒိယမြောက်ပိုင်း အခြားနေရာဒေသများနှင့် ပါကစ္စတန်တို့တွင် ကြုံတွေနေရသကဲ့သို့ပင် အပူလှိုင်းဖြတ်သန်းမှုကြောင့် အပူချိန် (၄၀) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့သည်။

Source: AFP

Photo: AFP/Biju BORO, AFP/ MANILA BULLETIN, Mamun Hossain/AFP/Getty Images