ထိုင်းနိုင်ငံအတွင်း အလုပ်ရှာရန် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာ (၄၅) ဦး ချင်းမိုင်တွင် အဖမ်းခံရ 

ထိုင်းနိုင်ငံအတွင်း အလုပ်ရှာရန် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာ (၄၅) ဦး ချင်းမိုင်တွင် အဖမ်းခံရ 
By Mr John

 ထိုင်းနိုင်ငံမြောက်ပိုင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၄၅)ဦးကို စစ်တပ်နှင့် ရဲအရာရှိများ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က မေလ (၁၆) ရက်နေ့ နံနက်အစောပိုင်းတွင် ချင်းမိုင်ပြည်နယ် Omkoi ခရိုင်အတွင်း ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

ဒေသခံသတင်းပေးတစ်ဦးထံမှ သတင်းပေးမှုရရှိခဲ့ပြီးနောက် မြန်မာဘက်ကနေ ထိုင်းဘက်သို့ အလုပ်ရှာဖွေရန် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူအုပ်စုကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့က ထိုင်းနိုင်ငံအတွင်း လုပ်ငန်းခွင်များသို့ ပို့ဆောင်ပေးမည့် ထိုင်းလူမျိုးများနှင့် တွေ့ဆုံရန်ချိန်းထားသည်ဟု ဆိုသည်။ 

33rd Army Circle မှ စစ်သားများနှင့် ပြည်နယ်ရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က ထိုင်းလူမျိုး လမ်းညွှန်(၃)ဦးဖြစ်ကြသည့် အသက် (၂၈) နှစ်အရွယ် Worawut Tassayuprai ၊ အသက် (၃၈) နှစ်အရွယ် Kordee Bamroongbanpot နှင့် အသက် (၁၇) နှစ်အရွယ် ယောက်ျားလေးတစ်ဦးတို့ကို ဖမ်းဆီးခဲ့သည်။ 

Worawut Tassayuprai မှာ Phakase ကျေးရွာ ဒုတိယအကြီးအကဲလည်း ဖြစ်သည်။

၎င်းတို့ကို စစ်ဆေးမှုအတွင်း မြန်မာဘက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြသူတွေကို Omkoi ခရိုင် Yang Piang နယ်မြေအနီး တောအုပ်တစ်ခုအတွင်း နေရာ(၃)ခု၌ တွေ့ဆုံပြီးနောက် အုပ်စု(၃)စုခွဲကာ ပစ်ကပ်ထရပ်ကားများတွင် ပို့ဆောင်ပေးရန်ဖြစ်ကြောင်း ဝန်ခံထွက်ဆိုကြသည်။ 

အာဏာပိုင်တွေက ထိုနေရာ(၃)ခုတွင် မြန်မာနိုင်ငံသား အမျိုးသား (၂၄) ဦးနှင့် အမျိုးသမီး (၂၁) ဦးကို ဖမ်းဆီးခဲ့ပြီး ထရပ်ကားသုံးစီးကို သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသားများကို ကနဦး စစ်ဆေးမေးမြန်းမှုအရ ၎င်းတို့ ချင်းမိုင်ကို ဝင်ရောက်လာခဲ့ကြပြီးနောက် ဘန်ကောက်နှင့် Pathum Thani ပြည်နယ်တို့တွင် အလုပ်ရရှိမည်ဟု ကတိပြုထားသော ပွဲစားများကို တစ်ဦးစီအတွက် ထိုင်းဘတ်ငွေ ၂၀,၀၀၀ မှ ၃၀,၀၀၀ ပေးရသည်ဟု ဆိုသည်။ 

ဖမ်းဆီးခဲ့သည့် မြန်မာနိုင်ငံသားများကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် တရားစွဲဆိုရန် Omkoi ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့ပြီး ၎င်းတို့ကို နေရပ်ပြန်ပို့ရန်ရှိကြောင်း သိရသည်။ 

ထိုင်းလူမျိုး(၃)ဦးကိုလည်း နိုင်ငံခြားသားများ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ရာတွင် ကူညီပေးမှုဖြင့် တရားစွဲဆိုထားသည်။

ဖေဖေါ်ဝါရီလ(၁) ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စီးပွားရေးအခြေအနေ သိသိသာသာ ယိုယွင်းလာသည့် မြန်မာနိုင်ငံမှ ဒါဇင်နှင့်ချီသော တရားမဝင် ရွှေ့ပြောင်းလုပ်သားများမှာ အန္တရာယ်ရှိသည့်ကြားမှ ထိုင်းနိုင်ငံအတွင်းသို့ နေ့စဥ် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေကြဆဲ ဖြစ်သည်။ 

ယမန်နှစ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ ၈၀,၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ရာ အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။

Source: Bangkok Post