ဆော်ဒီအာရေဗီးယား ရေနံကုမ္ပဏီ Saudi Aramco က အမေရိကန်နည်းပညာကုမ္ပဏီ Apple ကို ကျော်တက်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာကြောင်း သိရသည်။
ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်မှုက Saudi Aramco ၏ ဈေးကွက်တန်ဖိုးကို ယခုနှစ်အတွင်း မြင့်တက်လာစေခဲ့သည်။
ယခုအခါ Saudi Aramco ၏ ဈေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂.၄၃) ထရီလီယံဖြစ်လာပြီး Apple ၏ တန်ဖိုး ဒေါ်လာ (၂.၃၇) ထရီလီယံထက် ကျော်လွန်သွားခဲ့ကြောင့် ကမ္ဘာတဝန်း ငွေကြေးဈေးကွက်ဆိုင်ရာကုမ္ပဏီ Refinitiv ထံမှ အချက်အလက်မျာအရ သိရှိရသည်။
ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီနေရာ အပြောင်းအလဲဖြစ်မှုမှာ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ရင်းနှီးမြှုပ်နှံသူတွေက နည်းပညာကုမ္ပဏီများရှိ ရှယ်ယာများကို ထုတ်ရောင်းနေခဲ့ကြပြီး စီးပွားရေးအရ ဆုံးရှုံးမှုအန္တရာယ်နည်းသည်ဟု ၎င်းတို့ ယူဆထားသည့် ပိုင်ဆိုင်မှုများကို ရွှေ့ပြောင်းရင်းနှီးမြှုပ်နှံလာကြသည်ဟု ဆိုသည်။
ထိုအခြေအနေအရ နည်းပညာကုမ္ပဏီကြီး Apple ၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းသွားပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီနေရာကို လွှဲပြောင်းပေးလိုက်ရခြင်းလည်း ဖြစ်သည်။
မေလ (၁၁) ရက်နေ့က Apple ၏ ရှယ်ယာဈေးနှုန်းမှာ နယူးယော့ခ်စတော့ဈေးကွက်တွင် (၅) ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး ဈေးကွက်ပိတ်ချိန်တွင် ကုမ္ပဏီတန်ဖိုးမှာ ဒေါ်လာ (၂.၃၇) ထရီလီယံ ဖြစ်ခဲ့သည်။
Apple ၏ ရှယ်ယာဈေးနှုန်းမှာ နည်းပညာကုမ္ပဏီ ရှယ်ယာများကို ထုတ်ရောင်းလာကြပြီးနောက် ယခုနှစ်အစပိုင်းကတည်းက (၂၀) ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ကြောင်း BBC သတင်းက ပြောသည်။
ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ရုရှားထံမှ ရေနံတင်ပို့မှု ပြတ်တောက်မည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် ယခုနှစ်အတွင်း ရေနံဈေးနှုန်းများ စံချိန်တင် မြင့်တက်ခဲ့သည်။
ယခုနှစ်အတွင်း ရေနံစိမ်းဈေးနှုန်းမှာ (၃၆) ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ရေနံစိမ်းတစ်စည်လျှင် (၁၀၆.၂) ဒေါ်လာဖြင့် နောက်ဆုံး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း CNN သတင်းက ဖော်ပြသည်။
ရေနံစိမ်းဈေးနှုန်း မြင့်တက်မှုနှင့်အတူ Dhahran မြို့အခြေစိုက် ဆော်ဒီအာရေဗီးယား အများပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ Saudi Aramco ၏ ရှယ်ယာဈေးနှုန်းမှာ ယခုနှစ်အတွင်း (၂၇) ရာခိုင်နှုန်း မြင့်တက်သွားခဲ့သည်။ Saudi Aramco ၏ အသားတင်အမြတ်ငွေမှာ ၂၀၂၀ ခုနှစ်တွင် ဒေါ်လာ (၄၉) ဘီလီယံမှ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ (၁၁၀) ဘီလီယံအဖြစ် နှစ်ဆတိုးလာခဲ့ကြောင်းလည်း သိရသည်။
Source: CNN, BBC