မီးဟုန်းဟုန်း တောက်လောင်နေပေမဲ့ ဒန်းစီးမပျက်တဲ့ ရုရှားနိုင်ငံက မီးလောင်မှု
ရုရှားနိုင်ငံတွင် အနီးအနားရှိ အဆောက်အအုံတစ်လုံး မီးဟုန်းဟုန်း တောက်လောင်နေပေမဲ့ အမျိုးသမီးတစ်ဦးက ကလေးတစ်ဦးကို ပေါင်ပေါ်တင်လျက် ကစားကွင်းထဲတွင် အေးအေးဆေးဆေး ဒန်းစီးမပျက် ရှိနေခဲ့ရာ လူအများအတွက် ထူးဆန်းနေခဲ့သည်။
၎င်းတို့နှင့် နီးကပ်လှသည့် မျက်စိရှေ့နေရာတွင် အဆောက်အအုံတစ်လုံး မီးအကြီးအကျယ်လောင်နေခဲ့စဥ် ရုရှားအနောက်ပိုင်း Kotlas မြို့ရှိ ကစားကွင်းတစ်ခုတွင် ထိုအမျိုးသမီးနှင့် ကလေးငယ်က ပေါ့ပေါ့ပါးပါး ဒန်းစီးနေခဲ့ကြသည်ကို ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။
အခြား ဒေသခံတွေအချို့ကလည်း မီးလောင်နေမှုကို ကစားကွင်းထဲရှိ ခုံတန်းများပေါ်မှ ထိုင်ကြည့်နေခဲ့ကြပြီး အရေးပေါ်ကားများ၏ အချက်ပေးဥဩသံတွေကတော့ ဆူညံနေခဲ့သည်ဟု ဆိုသည်။
ဒန်းစီးမပျက်သည့် ထိုအမျိုးသမီး၏ ရှေ့ဘက်ရှိ လူအနည်းငယ်ကမူ မီးလောင်နေသည့် အဆောက်အအုံနှင့် နီးကပ်သည့်နေရာတွင် စုရုံးပြီး မီးလောင်မှုကို ကြည့်နေခဲ့ကြသည်။
ထိုအမျိုးသမီးက ၎င်း၏ရှေ့တွင် မီးလောင်နေမှုကြောင့် တုန်လှုပ်ချောက်ချားခြင်းလည်းမရှိဘဲ အခြား နေရာကိုပင် ကြည့်နေခဲ့သေးပြီး ဒန်းလွှဲမပျက်ခဲ့တာကို ဗီဒီယိုတွေ တွေ့ကြရသည်။
Arkhangelsk နယ်မြေ အရေးပေါ်ဌာနက Podyom သတင်းဝက်ဘ်ဆိုက်ကို ပြောကြားမှုအရ ထိုမီးလောင်မှုမှာ ဧပြီ (၂၅) ရက်နေ့က လူမနေသည့် နှစ်ထပ်အဆောက်အအုံတစ်လုံး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှု ဧရိယာမှာ ၄၈၀ စတုရန်းမီတာ ရှိခဲ့ပြီး သေဆုံးဒဏ်ရာရသူ မရှိခဲ့ကြောင်း နှင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်ကြောင်း အရေးပေါ်ဌာနက ပြောသည်။
မျက်စိရှေ့တွင် အဆောက်အအုံ မီးလောင်နေပေမဲ့ ဒန်းစီးမပျက်သည့် ထိုအမျိုးသမီး၏ ယခု ဗီဒီယိုမတိုင်မီ ၂၀၁၉ ခုနှစ်အတွင်း အလားတူ ဒန်းစီးမပျက်ခဲ့သည့် ယောက်ျားလေးတစ်ဦး၏ ဗီဒီယိုမှတ်တမ်းလည်း ရှိနေခဲ့သေးရာ ထိုဖြစ်ရပ်နှစ်ခု တိုက်ဆိုက်မှုက ပဟေဠိဖြစ်နေခဲ့ပြန်သည်။
၂၀၁၉ ခုနှစ်က ရုရှားအလယ်ပိုင်း Noyabrsk မြို့တွင် ၎င်း၏ အနောက်ဘက်ရှိ နေအိမ်တစ်လုံး မီးဟုန်းဟုန်းတောက်လောင်နေပေမဲ့ အေးအေးဆေးဆေးပင် ဒန်းစီးနေခဲ့သည့် ကောင်လေးတစ်ဦး၏ ဗီဒီယို ထွက်ပေါ်ခဲ့ဖူးသည်။
ထိုယောက်ျားလေးကလည်း ၎င်း၏ အနောက်ဘက်မှ မီးလောင်နေမှုကြောင့် တုန်လှုပ်ချောက်ချားခြင်းလည်းမရှိခဲ့ဘဲ လူအချို့ကတော့ မီးလောင်မှုကို စုရုံးကြည့်ရှုနေခဲ့ကြသည်။
ထိုဗီဒီယို ပြီးဆုံးခါနီးတွင် ဒန်းစီးနေသည့် ကောင်လေးက မီးတောက်ကို လှည့်ကြည့်လိုက်သေးပေမဲ့ ဒန်းပေါ်ကနေ ဆင်းသွားခဲ့ခြင်း မရှိသလို စိုးရိမ်ပုံလည်းမပေါ်ကြောင်း တွေ့ရသည်။
အဆိုပါ မီးလောင်မှုတွင် နေအိမ်တစ်စိတ်တစ်ပိုင်း ပြိုကျသွားခဲ့ပြီး အနီးအနားရှိ နေအိမ်တွေကို မီးကူးစက်နိုင်သည့် အန္တရာယ်ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် မီးသတ်သမားတွေက အနီးအနားရှိ နေအိမ်တွေကို မီးမကူးစက်စေရန် တားဆီးနိုင်ခဲ့ကြောင်း ဒေသခံ မီဒီယာက သတင်းဖော်ပြခဲ့သည်။
Source: Daily Mail
Video: Liveuamap