FoodPanda Myanmar က Rider များ အပေါ် ခရီးအကွာအဝေး (၁)ကီလို မီတာလျှင် ကျပ်(၅၈၀)သာ ပေးမည်ဟု ဆုံးဖြတ်ခြင်းသည် လုပ်အားခ အမြတ်ထုတ် ခေါင်းပုံဖြတ်နေခြင်းဖြစ်သည်ဟု Rider များက သတ်မှတ်လိုက်ပြီး Rider များ၏ တောင်းဆိုချက်များကို ကုမ္ပဏီ အနေဖြင့် လိုက်လျောခြင်းမရှိပါက သပိတ်မှောက်သွားမည်ဖြစ်ကြောင်း ၂၀၂၂ခုနှစ် ဧပြီလ(၂၂)ရက်နေ့က FoodPanda Myanmar Rider များက အသိပေး ထုတ်ပြန်လိုက်သည်။
FoodPanda Myanmar ကုမ္ပဏီ၏ လုပ်အားခ အမြတ်ထုတ် ခေါင်းပုံဖြတ်နေခြင်းနှင့် ပတ်သက်၍ FoodPanda Myanmar Rider များက အချက်(၇)ချက်ဖြင့် တောင်းဆိုထားရာတွင် ပစ္စည်းပို့ဆောင်လျှင် ရရှိသော လုပ်အားခငွေအား အနည်းဆုံး ကျပ်(၆၇၀)ကနေ စတင်ပြီး ပို့ဆောင်ရမည့် ခရီးအကွာအဝေးပေါ်မူတည်ကာ တိုးမြှင့်ပေးရန် နှင့် အဆင့်သတ်မှတ်ချက်နှင့်အညီ တိုးမြှင့်ပေးရန် တောင်းဆိုထားသည်။
ယင်းအပြင် FoodPanda Myanmar ၏ တင်းကျပ်လွန်းသည့် စည်းကမ်းများကို လျှော့ချပေးရန်၊ အလုပ်အချိန်အတွင်း ထိခိုက်မှုများ ဖြစ်လာပါက ကုမ္ပဏီက တာဝန်ယူပေးရန်၊ တစ်ပတ်လျှင် တစ်ရက် အလုပ်ချိန်မယူဘဲ အပြည့်အဝ နားခွင့်ပေးရန်။ ပစ္စည်းပို့ဆောင်ရမည့် အကွာအဝေးသတ်မှတ်ချက်များကို Google Map ပေါ် အခြေခံရန်၊ နှင့် သတင်းထုတ်ပြန်မှုများကို FoodPanda Myanmar ၏ တရားဝင် စာမျက်နှာများကနေ ထုတ်ပြန်ပေးရန်၊ Rider များ ဘက်က အကြောင်း တစုံတရာဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ဖြေရှင်းနိုင်ရန် ကုမ္ပဏီသို့ တိုက်ရိုက်ဆက်သွယ်နိုင်ရန် Hotline တခု ထားပေးရေးများကို တောင်းဆိုထားခြင်း ဖြစ်သည်။