မြန်မာနှင့် အင်ဒိုနီးရှား သင်္ဘောသားများပါရှိသည့် ရေနံတင်သင်္ဘော ဟောင်ကောင်ကမ်းလွန်တွင် ပေါက်ကွဲမှု ဖြစ်ပြီး (၁)ဦး သေဆုံး

ဟောင်ကောင်ကယ်ဆယ်ရေး ရဟတ်ယာဉ် [ Photo: Nora Tam ]
ဟောင်ကောင်ကယ်ဆယ်ရေး ရဟတ်ယာဉ် [ Photo: Nora Tam ]
မြန်မာနှင့် အင်ဒိုနီးရှား သင်္ဘောသားများပါရှိသည့် ရေနံတင်သင်္ဘော ဟောင်ကောင်ကမ်းလွန်တွင် ပေါက်ကွဲမှု ဖြစ်ပြီး (၁)ဦး သေဆုံး
By Mr John

 ဟောင်ကောင်အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်တွင် မြန်မာ နှင့် အင်ဒိုနီးရှား သင်္ဘောသားများ လိုက်ပါလာသည့် ရေနံတင်သင်္ဘောတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ(၁)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

South China Morning Post (SCMP) သတင်း၏ ဖော်ပြမှုအရ ဧပြီ (၁၆) ရက်နေ့တွင် ဖြစ်ပွားသည့် ရေနံတင်သင်္ဘောပေါ် ပေါက်ကွဲမှုတွင် မီးလောင်မှုကို ထိန်းလိုက်နိုင်သော်လည်း  သင်္ဘောသား(၁)ဦး မီးလောင်မှုကြောင့် သေဆုံးခဲ့ကြောင်း  သိရသည်။

 Nora Tam ]



နောက်ထပ် သင်္ဘောသား(၁)ဦးမှာ ၎င်း၏ခန္ဓာကိုယ် (၃၀) ရာခိုင်နှုန်း မီးလောင်ခံထားရသည့် ဒုတိယအဆင့် ပြင်းထန်သည့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး အခြား(၂)ဦးမှာ မျက်နှာတွင် မီးလောင်ခံထားရကြောင်း SCMP သတင်းက ပြောသည်။

ဟောင်ကောင် ရေကြောင်းကယ်ဆယ်ရေးဌာနက အခင်းဖြစ်နေရာသို့ ကယ်ဆယ်ရေး ရဟတ်ယာဥ်နှစ်စီးနှင့် လေယာဥ်ပျံတစ်စီး စေလွှတ်ခဲ့သည်ဟု ဆိုသည်။



မီးလောင်ဒဏ်ရာပြင်းထန်သည့် သင်္ဘောသား(၃)ဦးကို ပထမ ရဟတ်ယာဥ်ဖြင့် ခေါ်ဆောင်လာခဲ့ပြီး ဒုတိယ ရဟတ်ယာဥ်က ကျန်ရှိနေသည့်  အင်ဒိုနီးရှား သင်္ဘောသား(၂)ဦးနှင့် မြန်မာသင်္ဘောသား(၁)ဦးကို သွားရောက်ခေါ်ဆောင်ခဲ့ကြောင်းနှင့် ၎င်းတို့လည်း ပေါက်ကွဲမီးလောင်မှုကြောင့် ဒဏ်ရာရထားကြောင်း သိရသည်။

ဟောင်ကောင်အရှေ့ဘက် (၁၈၆) မိုင်အကွာ ပင်လယ်ပြင်တွင် ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့သည့် ရေနံတင်သင်္ဘောမှာ ပနားမားအလံလွှင့်ထားသည်ဟု ဆိုသည်။



လက်ရှိတွင် ရေနံတင်သင်္ဘော ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ထိုသင်္ဘောကို မည်သည့်ကုမ္ပဏီက ပိုင်ဆိုင်သည်ကို အတိအကျ မသိရသေးကြောင်း Business Insider သတင်းက ပြောသည်။

ABC News က သင်္ဘောသွားလာမှု ခြေရာခံ Apps ကို ကိုးကားဖော်ပြမှုအရ တန်ချိန် ၅,၅၀၀ ရှိ ရေနံနှင့် ဓာတုဗေဒကုန်ပစ္စည်းတင် သင်္ဘောသည် ထိုင်ဝမ်သို့ ဦးတည်ခုတ်မောင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(၃၉၃) ပေ ရှည်လျားသည့် ထိုသင်္ဘော၏ သက်တမ်းမှာ (၂၂) နှစ်ရှိပြီဟု ဆိုသည်။



Source: SCMP, Business Insider, ABC News