ဖိလစ်ပိုင်တွင် မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် သေဆုံးသူ အရေအတွက် (၅၆) ဦးအထိ မြှင့်တက်လာ

ဖိလစ်ပိုင်တွင် မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် သေဆုံးသူ အရေအတွက် (၅၆) ဦးအထိ မြှင့်တက်လာ
By Mr John

ဖိလစ်ပိုင်နိုင်ငံတွင် မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် သေဆုံးသူအရေအတွက်မှာ ဧပြီ (၁၃) ရက်တွင် (၅၆) ဦးအထိ မြှင့်တက်လာကာ လူဦးရေ(၄၂,၀၀၀)ရွှေ့ပြောင်းခဲ့ရပြီး လူ (၂၀၀)ကျော် ဒဏ်ရာရထားကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောသည်။

ထို့အပြင် လူအများအပြား ပျောက်ဆုံးနေပြီး သေဆုံးခဲ့ဖွယ်ရှိကြောင်းလည်း သိရသည်။ တာဝန်ရှိသူတွေက ဧပြီ (၁၁) ရက်တွင် သေဆုံးသူအရေအတွက် (၂၅) ဦးထက်မနည်းရှိခဲ့ကြောင်း ပြောထားခဲ့ရာမှ ယခုအခါ သိသိသာသာ မြှင့်တက်လာခဲ့သည်။



ပျက်စီးနေသည့် ကျေးရွာများတွင် ကယ်ဆယ်ရေးသမားတွေက မြေတူးစက်များနှင့်အပြင် လက်ဗလာနှင့်ပါ တူးဖော်ရှာဖွေကြရာ နောက်ထပ် ရုပ်အလာင်းများ တွေ့လာခဲ့ခြင်းဖြစ်သည်။

သေဆုံးမှုအများစုမှာ အပူပိုင်မုန်တိုင်းမက်ဂီ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဖိလစ်ပိုင်အလယ်ပိုင်း Leyte ပြည်နယ်တွင်ဖြစ်ပြီး ထိုပြည်နယ်အတွင်း မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူနေဒေသများ ပျက်စီးခဲ့သည်။



Leyte ပြည်နယ် Abuyog နယ်မြေတွင်ပါဝင်သည့် ကမ်းရိုးတန်းကျေးရွာ Pilar တွင် လူ (၃၀) ဦး သေဆုံးခဲ့ပြီး (၁၅၀) ခန့် ပျောက်ဆုံးနေကြောင်း သိရသည်။ ရွှံ့နွံစီးချောင်းနှင့် မြေပြိုမှုကြောင့် နေအိမ်များ ပင်လယ်အတွင်းသို့ ရောက်သွားခဲ့ပြီး ထိုကျေးရွာ၏ နေရာအများစု နစ်မြုပ်သွားခဲ့ကြောင်း Abuyog အုပ်ချုပ်ရေးမှူး Lemuel Traya က အခြေအနေကို ရှင်းပြခဲ့သည်။

"ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ နောက်ထပ် အသက်ရှင်ကျန်ရစ်သူရှိမယ်လို့ မမျှော်လင့်တော့ပါဘူး" ဟု Traya က AFP သတင်းဌာနကို ပြောခဲ့သည်။



ယခုအခါ ကယ်ဆယ်ရေးသမားတွေက ရုပ်အလောင်းတွေ ပြန်လည်ရရှိရန် ခက်ခဲသည့်အလုပ်ကို အာရုံစိုက်ထားကြကြောင်းလည်း ၎င်းကဆိုသည်။ မြေပြိုမှုကြောင့် လမ်းများပြတ်တောက်သွားခဲ့ရာ လူ (၂၅၀) ခန့်ကို စက်လှေဖြင့် ကယ်ဆယ်ပြီး ယာယီရွှေ့ပြောင်းခိုလှုံရေးစခန်းများသို့ ပို့ဆောင်ခဲ့သည်ဟု Traya က ပြောသည်။ ကျေးရွာသား အများအပြားကိုလည်း ဆေးရုံတင်ထားရသည်ဟု သိရသည်။



Leyte ပြည်နယ်ရှိ Baybay မြို့တွင်လည်း သီတင်းပတ်ကုန်ရက်များအတွင်း မုန်တိုင်းသက်ရောက်မှုနှင့်အတူ ရာသီဥတုဆိုးရွားခဲ့မှုကြောင့် လူ (၄၈) ဦးထက်မနည်း သေဆုံးပြီး လူ (၁၀၀) ကျော် ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောသည်။ နောက်ထပ် လူ (၂၇) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်း ၎င်းတို့က ဖြည့်စွက်ပြောခဲ့သည်။

မုန်တိုင်းက ဖိလစ်ပိုင်ကို တစ်နာရီလျှင် မိုင် (၄၀) အထိဖြင့် ဧပြီ (၁၀) ရက်တွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး တစ်နာရီလျှင် (၄၉) မိုင်အထိရှိသည့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။



မက်ဂီသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်သည့် ပထမဆုံး မုန်တိုင်းလည်း ဖြစ်လာသည်။ ကျွန်းဆွယ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်ကို နှစ်စဥ် မုန်တိုင်းအရေအတွက် (၂၀) ခန့် ဝင်ရောက်တိုက်ခတ်ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ကျရောက်လေ့ရှိသည့် ဖိလစ်ပိုင်တွင် မုန်တိုင်းဒဏ်ကို ပုံမှန်ကြုံတွေ့နေရသည်။ ၂၀၁၃ ခုနှစ်တွင် ဖိလစ်ပိုင်ကို စူပါတိုင်ဖွန်းဟိုင်ယန် တိုက်ရိုက်ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူ ၆,၃၀၀ ကျော် သေဆုံးပြီး ပျောက်ဆုံးသူ ၁,၇၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။



Source: AFP

Photo: Philippine Coast Guard (PCG), Hannah Cala Vitangcol