စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ခရုတောရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းမှစ၍ နေအိမ်များ မီးရှို့နေရာ စုစုပေါင်းနေအိမ် (၁၅)လုံး မီးလောင်ဆုံးရှုံးသွားပြီး ဒေသခံများမှာ ထွက်ပြေး ပုန်းအောင်းနေကြရဆဲဖြစ်ကြောင်း သိရသည်။
ခရုတောကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ယမန်နေ့ နေ့လယ် (၂)နာရီဝန်းကျင်တွင် ဝင်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယနေ့နံနက်ပိုင်းတွင် ကျေးရွာတွင်းမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများက Tachileik News Agency သို့ အတည်ပြုသည်။
လက်ရှိအချိန်ထိ ဒေသခံများမှာ ကျေးရွာတွင်း ပြန်မဝင်ရဲသေးဘဲ တိမ်းရှောင်နေကြရသည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်သည် တန့်ဆည်မြို့နယ်တွင်း ၎င်းတို့ဝင်ရောက်သည့် ကျေးရွာများတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်နေသည်ကို တွေ့ရသည်။