စစ်ကိုင်းတိုင်း၊ ယင်းမာပင် - ပုလဲလမ်းပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်း (၂၅)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ကား (၂) စီးလမ်းဘေးကျတိမ်းမှောက်သွားကာ အာဏာသိမ်းတပ်သားများ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုရှိသည်ဟု CGYDF က ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို CGYDF နှင့်အတူ Yinmarbin Local PDF၊ MTOF၊ Triple Two၊ SRDF၊ SBTF၊ ဆားလင်းကြီး တကိုယ်တော်သုဘရာဇာတို့ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်ပြီး မိုင်း(၂၅)လုံး၊ ပြောင်းတိုက်(၁၆)လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ကားနှစ်စီးမှာ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားပြီး အခြားတစ်စီးကိုလည်း ကြိုးဖြင့်ဆွဲသွားကြကြောင်း သိရသည်။
စစ်တပ်က ပြည်သူ့ဆန္ဒကိုဆန့်ကျင်၍ ပြီးခဲ့သည့်နှစ် ဖေဖေါ်ဝါရီလက နိုင်ငံ့အာဏာသိမ်းလိုက်သည့်အပြင် ငြိမ်းချမ်းစွာ ဆန့်ကျင်သည့် ပြည်သူများကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နှိမ်နှင်းခြင်း၊ အသက်သေဆုံးသည်အထိ အကြမ်းဖက် ဖမ်းဆီးမှုများလုပ်ခြင်း၊ မတရား အမှုဖွင့်ဖမ်းဆီးမှုများလုပ်ခြင်းကြောင့် ရရာလက်နက်ကိုင်သည့် ပြည်သူ့ခုခံတော်လှန်စစ်ကို နိုင်ငံတဝန်းတွင် လုပ်ဆောင်လာကြသည်ကြခြင်းဖြစ်သည်။
လက်နက်၊အင်အား သာလွန်သည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ဒေသအလိုက် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ပြောက်ကျားနည်းဖြင့် တွန်းလှန်တိုက်ခိုက်မှုများ နေ့စဉ်နှင့်အမျှဖြစ်ပွားနေပြီး အာဏာသိမ်းတပ်က လေကြောင်းမှပါ တိုက်ခိုက်မှုများလုပ်နေသည်ကို တွေ့ရသည်။