မင်းကင်းမြို့နယ်အတွင်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရ၍ ပြည်သူ့ကာကွယ်ရေးတပ်များက သွားရောက် ထောက်ပံ့

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဘင်ကျေးရွာအား ပြည်သူ့ကာကွယ်ရေးတပ်မှ သွားရောက်ထောက်ပံ့ကူညီခဲ့ကြောင်း Independence Army - IA က ယနေ့ဖေဖော်ဝါရီလ(၄)ရက်တွင် ထုတ်ပြန်ထားသည်။

၎င်းရွာကို ညီနောင်မဟာမိတ်နှစ်ဖွဲ့ဖြစ်သော Independence Army - IA ၊ ChinDwin Young Heroes - CDYH တို့မှ ဦးဆောင်၍ LPDF နှင့်အတူ နီးစပ်ရာရပ်ရွာများ၌ ဆန် ၊ ဆီ ၊ ဆား ၊ ကြက်သွန် နှင့် အဝတ်အစား တို့ကိုအလှူခံကာ ဖေဖော်ဝါရီ လ(၃)ရက်က သွားရောက် လှူဒါန်းပေးခဲ့ပြီး လုပ်အားပေးကာ ကူညီပေးခဲ့သည်ဟု ထုတ်ပြန်သည်။

မင်းကင်းမြို့နယ်ရှိ အိမ်ခြေ (၂၀၀)နီးပါးရှိသော ဘင်ရွာ နှင့် အိမ်ခြေ(၄၀၀)ခန့်ရှိ အုပ်န္နဲဘုတ်ရွာကို ဇန်နဝါရီ (၃၁)ရက်နေ့က လည်းကောင်း၊ အိမ်ခြေ (၂၀၀)ခန့်ရှိသော အနောက်တောရွာကို ဇန်နဝါရီ (၂၉)တွင် လည်းကောင်း အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းချိန်တွင်  ထွက်မပြေးနိုင်ဘဲ ဘင်ရွာ၌ ကျန်ခဲ့သည့် သက်ကြီးရွယ်အို၊ မိခင်နှင့် ကလေးငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ‌ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း အနောက်တော၊ ဘင်၊ ညောင်ပင်သာ၊ အုန္နဲဘုတ်နှင့် သင်တောများကို ဝင်ရောက်စီးနင်း ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးသည်။

( ဖော်ပြပါ ဗီဒီယို မှတ်တမ်းသည်  Independence Army  က ထုတ်ပြန်ထားသော် မှတ်တမ်း ဗီဒီယိုဖြစ်သည် )

 

video:  Independence Army