ကလေးမြို့နယ်တောင်ပိုင်းတွင်  ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က (၂)ဦးထက် မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးနယ်တောင်ပိုင်း၊ ကြံသာရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၂)ဦးထက် မနည်းသေကာ အများအပြားဒဏ်ရာရကြောင်း CDF - KKG က သတင်းထုတ်ပြန်သည်။

CDF - KKG၊ CDF - Hakha၊ PDF - Kalay တပ်ရင်း (၄) / (၇)၊ RKDF နှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှ ယနေ့ နံနက်ပိုင်းမှစတင် တိုက်ခိုက်ခဲ့ရာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ဟံသာဝတီရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်ဟု သိရသည်။

ယင်းတိုက်ပွဲတွင် ပူးပေါင်းအဖွဲ့မှ ပစ်ခတ်သည့် စနိုက်ပါနှင့် လက်နက်ကြီးလက်ချက်ကြောင့် စစ်ကောင်စီတပ်ဖက်က (၂)ဦးထက်မနည်း ကျဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရပြီး CDF - KKG တပ်ဖွဲ့မှ ရဲဘော်တစ်ဦး၊ CDF - Hakha မှ ရဲဘော်တစ်ဦး မစိုးရိမ်ရသည့် လက်နက်ကြီးဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

အထိနာသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် ကြံသာရွာအနောက်ဖက်ရှိ အောင်သာယာရွာသို့ဝင်ရောက်ကာ ရွာထဲရှိ အမျိုးသားများကို ဖမ်းဆီးမှုများပြုလုပ်ခဲ့ကာ ဖမ်းဆီးခံရသူများထဲမှ (၂) ဦးမှာ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရသည်။  

လက်ရှိတွင် တိုက်ပွဲများ အချိန်အခါမရွေး ထပ်မံဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ဖေဖော်ဝါရီ (၁၂)ရက် (ပြည်ထောင်စုနေ့) အထိတိုင်အောင်  ကလေး - ဂန့်ဂေါ ပြည်ထောင်စုလမ်းမကို အသုံးမပြုကြပါရန် အထူးမေတ္တာရပ်ခံ အသိပေးထားသည်။

#TachileikNewsAgency