စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညှင်းကျေးရွာရှိ ရဲစခန်းအား ယနေ့ ဖေဖော်ဝါရီလ(၃)ရက်၊ နံနက်က ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်စီးရာ ရဲများထွက်ပြေးသဖြင့် ပြည်သူပိုင်ပစ္စည်းများကို ပြန်လည်သိမ်းယူခဲ့ကြောင်း မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်လာသည်။
အဆိုပါ ရဲစခန်းကို မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ -CDSOM၊ Black Eagle Defence၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ Force-MMU၊ Myin Mu Defence Force-MMDF နှင့် People’s Defence Force Myinmu-MMUPDF တို့က ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းစစ်ဆင်ရေးတွင် ရဲများထွက်ပြေး တိမ်းရှောင်သွားခြင်းကြောင့် ထိပ်တိုက်ပစ်ခတ်မှုများ မရှိခဲ့သော်လည်း အကြမ်းဖက်သမားများက ပြည်သူများထံမှ လုယူခိုးဝှက် အတင်းအဓမ္မ သိမ်းဆည်းထားသော ပစ္စည်းများအား ပြည်သူများထံ ပြန်လည်အပ်နှင်းပေးနိုင်ရန် ပြန်လည်သိမ်းယူခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဒါ့အပြင် ရဲစခန်းအတွင်းရှိ ဟောင်းနွမ်းအဆောက်အအုံများအား ဆက်လက်ခြေကုတ် မယူနိုင်စေရန်နှင့် အုပ်ချုပ်ရေးယန္တရားများ မလည်ပတ်နိုင်စေရန် မိုင်းခွဲကာဖြိုချခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Video: မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့