ရွှေဘို PDF က အာဏာသိမ်းစစ်တပ်၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Mytel တာဝါတိုင်အား လမ်းကြုံ၍ ဖေါက်ခွဲမှု ပြုလုပ်

နိုင်ငံ့အာဏာသိမ်းလိုက်သည့် စစ်တပ်နှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းဖြစ်သည့် Mytel ဆက်သွယ်ရေးလုပ်ငန်း၏ တာဝါတိုင်အား စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် လမ်းကြုံဖေါက်ခွဲမှု ပြုလုပ်လိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရွှေဘိုမြို့နယ်အတွင်းမှ ပြည်သူများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားကို အထောက်အကူပြုပေးနေသည့် ရုံးများ၊ ဌာနများ၊ အာဏာသိမ်းအဖွဲ့လက်အောက်ခံ စစ်တပ်နှင့်ရဲတို့အနီးတွင် နေထိုင်သွားလာခြင်းမပြုကြရန်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ လှုပ်ရှားမှုများအား လူမှုကွန်ယက်တွင် တင်ခြင်း၊ live လွှင့်ခြင်းများ မပြုလုပ်ကြရန်၊ အာဏာသိမ်းစစ်တပ်၏ လှုပ်ရှားမှုများကို သတင်းတိတိကျကျ ပို့ပေးခြင်းများ ပြုလုပ်ကြရန်ကိုလည်း မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။ 

စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် စစ်တပ်ပိုင်လုပ်ငန်းများနှင့် စစ်တပ်နှင့်ဆက်စပ်သည့်စီးပွားရေးလုပ်ငန်းများအား ပြည်သူများက မသုံးစွဲရေးသပိတ်မှောက်ခြင်းအပြင် စစ်တပ်နှင့်ဆက်စပ်စီးပွားရေးဖြစ်သည့် Mytel ၏ တာဝါတိုင်များကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်နက်များလုပ်ရန် ကုန်ကြမ်းအဖြစ် သုံးလာကြသည်ကို တွေ့ရသည်။

 

Video: ရွှေဘို PDF