* * * * *
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ဟားခါးလေးကျေးရွာအနီးတွင် ယနေ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်က ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အာဏာသိမ်းတပ်ဖွဲ့ဝင် (၁၀)ဦးထက်မနည်းသေမည်ဟု ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့က ခန့်မှန်းထားသည်။
ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်း အထက်တန်းကျာင်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်သည် ယနေ့ နံနက်ပိုင်းတွင် ချောင်းခွ ရွာမှတစ်ဆင့် ဟားခါးလေးနှင့် ရေစိုရွာတို့ဘက်သို့ ထိုးစစ်ဆင်လာသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်ကြသည့် PDF (Kalay) တပ်ရင်း(၁)၊ တပ်ရင်း(၂)၊ တပ်ရင်း(၅)၊ CNDF ၊ ပ.က.ဖ.(ကလေး) တပ်ရင်း(၁)၊ တပ်ရင်း(၂)၊ တပ်ရင်း(၃)၊ တပ်ရင်း(၆)၊ တပ်ရင်း(၇)တို့က ဟားခါးလေးရွာအအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖက်မှ စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင် (၄) ယောက်သေပြီး ဟားခါးလေးနှင့် ရေစိုရွာတို့အကြား မိုင်းခွဲတိုက်ခိုက်မှုအတွင်း အနည်းဆုံး (၁၀)ဦးထက်မနည်း သေမည်ဟု ခန့်မှန်းထားသည်။
အာဏာသိမ်းစစ်တပ်က အဆိုပါတိုက်ပွဲအတွင်း အမြောက်လက်နက်ကြီးပစ်ကူ အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်မှ ပျူစောထီးတို့ကိုင်ဆောင်သည့် ရိုင်ဖယ် (၁) လက်၊ ခါးချိုး (၁) လက်၊ ခါးချိုးကျည် ( ၄၀)နှင့် M16 ကျည် (၂၀)တို့ကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သိမ်းဆည်းရမိကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က ၎င်းတို့ဖြတ်သွားရာ စစ်ကောင်စီမှစစ်ကြောင်းထိုးလာရာလမ်းကြောင်းတစ်လျှောက်တွင်ရှိသော ချောင်းခွ၊ ဟားခါးလေး၊ ရေစိုကျေးရွာများတွင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကိုလည်း ပြုလုပ်သွားကြောင်း သိရသည်။