ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် အာဏာသိမ်းအဖွဲ့က (၁၀)လအကြာဖမ်းဆီးပြီး ထောင်တွင်းအကျဉ်ချထားသည့် NLD နှင့် ပြည်သူ့ပါတီတို့မှ ပါတီဝင်(၃) ဦးနှင့် နိုင်/ကျဉ်း (၁) ဦးတို့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ထောင်တွင်းတရားရုံးဖြင့် ထောင်ဒဏ် (၂) နှစ်စီ ချမှတ်လိုက်ကြောင်း Kanbawza Tai News ၏ ဖေါ်ပြချက်အရ သိရသည်။
အာဏာသိမ်းအဖွဲ့က စွပ်စွဲဖမ်းဆီးထားသည့် NLD ရပ်ကျေးဥက္ကဌ ဦးဖြူ၊ နိုင်ကျဉ်း ဦးမြင့်ဌေး၊ NLD ခရိုင်အတွင်းရေးမှူး ဦးညီညီရွှေနှင့် ပြည်သူ့ပါတီမှ ဦးဝင်းကိုကို တို့အား ၎င်းတို့စွပ်စွဲထားသည့် သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ၊ ပုဒ်မ ၅၀၅ က တို့ဖြင့် ထောင်ဒဏ် (၂) နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
အာဏာသိမ်းအဖွဲ့က ရှမ်းပြည်နိုင်ငံရေး အကျဥ်းသားဟောင်းများ အဖွဲ့မှ ဦးမြင့်ဌေး (ခ)ကိုဘယ်ကျော် ကို ဖေဖော်ဝါရီလ (၉) ရက်နေ့တွင်လည်းကောင်း၊ ပြည်သူ့ပါတီ၏ ရှမ်းပြည်နယ်အတွင်းရေးမှူး ဦးဝင်းကိုကို ပြည်သူ့ပါတီမှ ဦးဝင်းကိုကို အား ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် အေးသာယာမြို့သစ်ရှိ နေအိမ်တွင် လည်းကောင်း၊ ၈၈ မျိုးဆက် ကျောင်းသားဟောင်း NLD ပါတီ၏ တောင်ကြီးခရိုင် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးညီညီရွှေအား ဖေဖော်ဝါရီ (၂၀)ရက်၊ ည (၈)နာရီခွဲအချိန်ဝန်းကျင်က တောင်ကြီးမြို့ အထက (၁) ကျောင်းအနီးရှိ စားသောက်ဆိုင် တစ်ဆိုင်၌ ထိုင်နေစဉ်တွင် လည်းကောင်း ဖမ်းဆီးကာ ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်)တွင် ထားရှိခြင်းဖြစ်သည်။
တောင်လေးလုံးထောင်မှ ထောင်တွင်းတရားရုံးက ဒီဇင်ဘာလ (၁၀)ရက်နေ့ကလည်း ပုဒ်မ ၅၀၅ က ဖြင့် အာဏာသိမ်းအဖွဲ့က စွဲဆိုခံရသည့် Kanbawza Tai News မှ (၄)ဦး အပါအဝင် စုစုပေါင်း (၉) ဦးကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ထားခဲ့ခြင်းဖြစ်သည်။