ရှမ်း - ကယားနယ်စပ်၏ စစ်ရေးအခြေအနေများကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးကိုသာ အဓိကထား ဦးစားပေးပြီး သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မိုးဗြဲ)က ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့တွင် ပြည်သူများထံသို့ အသိပေးထားရှိသည်။
အစိုးမရသည့် စစ်ရေးအခြေများကြောင့် ပြည်သူများအနေဖြင့် အစစအရာရာသတိနှင့် အသိယှဉ်တွဲပြီး ဂရုတစိုက် နေထိုင်ကြရန် နှင့် မိမိလုံခြုံရေးကို ပထမဦးစားပေး အဆင့်မှာထားကာ လုံခြုံမည့် နေရာများမှာ နေထိုင်ကြဖို့လည်း သတိပြုစေချင်ပြီး ပြည်သူများ၏ ဘေးကင်းလုံခြုံမှုသည်သာ အဓိကဖြစ်ခြင်းကြောင့် လုံခြုံမှု ကိုသာ အဓိက ဦးစားပေးကြပါဟု မိုးဗြဲ PDF က အသိပေးထားခြင်း ဖြစ်သည်။
စစ်ရေးဆိုင်ရာများကို ၂၀၂၂ အထိ ရပ်ဆိုင်းမည်ဟု သတင်းထုတ်ပြန်ထားသည့် အာဏာသိမ်းစစ်တပ်က ကယားပြည်နယ်တွင်း အပါအဝင် ရှမ်း - ကယားနယ်စပ်တို့တွင် စစ်ရေးအင်အားများဖြည့်တင်းပြီး ထိုးစစ်ဆင်နေမှုများကြောင့် ကျေးရွာတွင်းနေ ပြည်သူအများအပြားမှာ စစ်ဘေးရှောင်နေကြရပြီး မရှောင်သူများကိုလည်း အာဏာသိမ်းအကြမ်းဖက် စစ်တပ်က PDF နှင့် ဆက်နွယ်သည်ဟု စွတ်စွဲကာ ဖမ်းဆီးမှုများ ညှင်းပမ်းနှိပ်စက်မှုများလည်းရှိနေသည်။