အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာအာဏာသိမ်းခေါင်းဆောင်အား တက်ခွင့်မပြုရန် အာဆီယံက ဆုံးဖြတ်လိုက်မှုနှင့်ပတ်သက်၍ အာဏာသိမ်းအဖွဲ့က တတိယမြောက် ထုတ်ပြန်ချက်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့၌ ထပ်မံထုတ်ပြန်လာသည်။
အာဏာသိမ်းအဖွဲ့က အာဆီယံ အထူးကိုယ်စားလှယ်ကိစ္စနှင့်စပ်လျဉ်း၍ ရှည်လျားသည့် ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့တွင် ထပ်မံထုတ်ပြန်လိုက်ပြီး အာဆီယံ၏ သဘောတူညီချက် (၅ ) ရပ် အတိုင်း လုပ်ငန်းစဉ်များအား အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။
အာဏာသိမ်းထားပြီး ပြည်သူများကို အကြမ်းဖက်နှိမ်နှင်းနေမှုအား ဖြေရှင်းရန် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်ကို ဧပြီလ (၂၄) ရက်နေ့ကတည်းက ချမှတ်ခဲ့သော်လည်း အာဏာသိမ်းအဖွဲ့က ပူးပေါင်းဆောင်ရွက်ခြင်း မပြု၍ အာဏာသိမ်းခေါင်းဆောင်အား အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် မပြုရန် အောက်တိုဘာလ (၁၅) ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးဖြင့် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
အာဆီယံသမိုင်းတွင် ပထမဆုံးဖြစ်လာသည့် အဆိုပါ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အာဏာသိမ်းအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ (၁၆) ရက်နေ့တွင် တစ်ကြိမ်၊ အောက်တိုဘာလ (၂၂) ရက်နေ့ တစ်ကြိမ် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ပြီးနောက် တတိယအကြိမ်အဖြစ် ယနေ့တွင် အာဏာသိမ်းစစ်ကောင်စီက ထပ်မံထုတ်ပြန်လာခြင်းဖြစ်သည်။
ဆက်စပ်သတင်း
အာဆီယံထိပ်သီးအစည်းအဝေးများသို့ NUG နှင့် မြန်မာအာဏာသိမ်းအဖွဲ့တို့ကို မဖိတ်