၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာအာဏာသိမ်းအဖွဲ့နှင့် NUG တို့ကို မဖိတ်ကြားဘဲ နိုင်ငံရေးရာထူးမဟုတ်သည့် ကိုယ်စားလှယ်တစ်ဦး တက်ခွင့်ပေးမည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးထုတ်ပြန်ချက်အရ သိရသည်။
လာမည့် ၃၈ ကြိမ်မြောက်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများတွင် အာဏာသိမ်းစစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နှစ်ခုမှ မည်သူကို တက်ခွင့်ပေးမည်ကို ဘုံသဘောတူညီချက်မရသေး၍ မြန်မာအနေဖြင့် ပြည်တွင်းရေးအခြေအနေ တည်ငြိမ်သည်အထိ ဖြေရှင်းရန် ကိုယ်စားလှယ်ဖိတ်ကြားခြင်းကို အစည်းအဝေးနှစ်ကြိမ်လုံးအတွက် ရပ်နားထားမည်ဖြစ်ပြီး နိုင်ငံရေးရာထူးမဟုတ်သည့်ကိုယ်စားလှယ်တစ်ဦး တက်ခွင့်ပေးရန် ဘုံသဘောတူညီကြကြောင်း အာဆီယံဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဘရူနိုင်းနိုင်ငံက ထုတ်ပြန်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအရေးပေါ်အစည်းအဝေးထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ညတွင် အရေးပေါ် အွန်လိုင်းအစည်းအဝေးပြုလုပ်ပြီး အာဆီယံအထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသည့် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ကို လာမည့်ထိပ်သီးအစည်းဝေးတက်ခွင့်မပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆုံးဖြတ်ချက်မှာ အာဆီယံအဖွဲ့စတင်တည်ထောင်ကတည်းက ကိုင်စွဲထားသည့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးဝင်မစွက်ဖက်ရေးမူမှ သမိုင်းဝင် သွေဖည်လိုက်သည့် ဆုံးဖြတ်ချက်တစ်ခုလည်းဖြစ်သည်။
စစ်တပ်က ပြည်သူရွေးကောက်ထားသည့်အစိုးရအဖွဲ့ကို ဖမ်းဆီးကာ နိုင်ငံ့အာဏာသိမ်းထားပြီး လူထုလက်မခံသည်ကို အကြမ်းဖက်ဖိနှိပ်နေသည့် အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရန် အာဆီယံနိုင်ငံ ခေါင်းဆောင်များက ညှိနှိုင်းသဘောတူထားသည့် အချက် (၅) ချက်နှင့် အဆိုပါ သဘောတူညီချက်များအတိုင်း အကောင်အထည်ဖေါ်ရန် အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ခြင်းတို့ကို မြန်မာအာဏာသိမ်းအဖွဲ့က လက်ခံထားခဲ့သော်လည်း လက်တွေ့ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်နောက် ယင်းဆုံးဖြတ်ချက် ထွက်လာခြင်းဖြစ်သည်။
မြန်မာအာဏာသိမ်းခေါင်းဆောင်ကို အစည်းအဝေးတက်ခွင့်နှင့်ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် မလေးရှားနှင့် အင်ဒိုနီးရှားကဲ့သို့ နိုင်ငံအချို့က ပူးပေါင်းဆောင်ရွက်မှုမရှိသည့် အာဏာသိမ်းခေါင်းဆောင်ကို အစည်းအဝေးတက်ခွင့်မပေးရန် သဘောထားပေးခဲ့ကြချိန်တွင် အဖွဲ့ဝင်နိုင်ငံတစ်ခု၏ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးက မြန်မာအာဏာသိမ်းခေါင်းဆောင်အနေဖြင့် အစည်းအဝေးမတက်နိုင်အောင် အလုပ်များနေကြောင်းကို ၎င်း၏နိုင်ငံခြားရေးဝန်ကြီးမှတစ်ဆင့် အာဆီယံကိုစာပို့ခိုင်းရန် အကြံပြုခဲ့သည်ဟုလည်း သိရသည်။
မြန်မာ့အာဏာသိမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့က ပြတ်ပြတ်သားသား ကိုင်တွယ်လိုကြပြီး အခြားအုပ်စုက ပို၍ပျော့ပျောင်းသည့်နည်းလမ်းဖြင့် ချဉ်းကပ်လိုသည့်သဘောတွင်ရှိနေကြောင်း သိရသည်ဟု ဘန်ကောက်ပို့စ်တွင် ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် မြန်မာကို အာဆီယံမိသားစုဝင်အဖြစ် ရှုမြင်ပြီး အထူးကိုယ်စားလှယ်၏ခရီး မကြာခင်စတင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း မှတ်ချက်ပြုသည်ဟု သိရသည်။
ဆက်စပ်သတင်း