အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များကို အဆင့်နှင့်လျော်ညီစွာ ဖြည့်ဆည်းဆောင်ရွက် ပေးထားပြီးဖြစ်သဖြင့် ၊ ဝင်ငွေနှင့် ထွက်ငွေ မျှတအောင် ဆင်ခြင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကချင်ပြည်နယ်ခရီးစဉ်တွင် သတိပေးလိုက်ကြောင်း သိရသည်။
"တပ်မတော်သားမိသားစုများ၏ သက်သာချောင်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးတို့ကို သတ်မှတ်ထားသည့် အဆင့်နှင့်လျော်ညီစွာ ဖြည့်ဆည်းဆောင်ရွက် ပေးထားပြီးဖြစ်သဖြင့် အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန်၊ အဆင့်နှင့်လျော်ညီသည့် လစာ၊ ရိက္ခာနှင့် ရပိုင်ခွင့်များကို လုပ်ဆောင်ပေးထားပြီး ဖြစ်သည့်အတွက် ဘဝတိုးတက်ရေးကို ထိခိုက်စေနိုင်မည့် အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့ကို သုံးစွဲခြင်း၊ ဝင်ငွေ၊ ထွက်ငွေ မျှတအောင် သုံးစွဲနိုင်မှုမရှိခြင်းတို့ကို ကိုယ်ပိုင်အသိစိတ်များဖြင့် ဆင်ခြင်ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း"အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်း၏ လက်အောက်ခံတပ်ဖွဲ့ဝင်များကို သတိပေးပြောကြားသည်။
၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားသို့ ရောက်ရှိနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်နယ်နှင့်တွေ့ဆုံပြီး ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
စစ်တပ်သည် နိုင်ငံ့ဘဏ္ဍာမှ ဘတ်ဂျက်ဖြင့်ပင် တပ်တွင်းလစာများ၊ တပ်မိသားစုများအတွက် ကုန်ကျစရိတ်များမှအစ လက်နက်ကိရိယာများ ဝယ်ယူရေးအဆုံး စစ်တပ်နှင့်ပတ်သက်သည့် ကုန်ကျစရိတ်အားလုံးအတွက် သုံးစွဲနေခြင်းဖြစ်ပြီး ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်ကတည်းက စစ်တပ်၏အသုံးစရိတ်ဘတ်ဂျက်အဖြစ် နိုင်ငံ့ဘဏ္ဍာငွေ၏ ၁၃ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်းကြားဖြင့် နှစ်စဉ်ဘတ်ဂျက်အများဆုံးသုံးစွဲလာခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်၏ ကာကွယ်ရေးဝန်ကြီးဌာနက ယခင်ဘဏ္ဍာနှစ်ထက်ဘတ်ဂျက်တိုးမြှင့်၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် ကျပ်ကုဋေပေါင်း (၃,၃၇၀,၀၀) ကို တောင်းခံခဲ့စဉ်က ယင်းကဲ့သို့ တောင်းခံရခြင်းမှာ ခေတ်မီ အရည်အသွေးပြည့်ဝသည့် မျိုးချစ်တပ်မတော်ကို အင်အားတောင့်တင်းအောင် တည်ဆောက်ရန်အတွက် ဖြစ်သည်ဟု လွှတ်တော်တွင် တင်ပြခဲ့သည်ကို တွေ့ခဲ့ရသည်။