တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး  တစ်ဦး ဒဏ်ရာရ

တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာတွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး  တစ်ဦး ဒဏ်ရာရ
သြဂုတ် 27, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်းရှိ ကာပေါင်းကျကျေးရွာတွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၇) ရက်နေ့တွင် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် ပုန်းရှောင်နေသည့် မိသားစုမှ အမျိုးသား (၁) ဦးသေဆုံးသွားပြီး အမျိုးသမီး (၁) ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ကာပေါင်းကျရွာအတွင်း ယမန်နေ့ကတည်းက တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် ပုန်းရှောင်နေသည့် မိသားစုမှ သားဖြစ်သူမှာ ဝမ်းဗိုက်မှကျောသို့ပေါက်သည့် ကျည်ဒဏ်ရာရရှိသွားပြီး သမီးဖြစ်သူမှာ လက်တွင်ထိမှန်ဒဏ်ရာများ ရသွားကြခြင်းဖြစ်ကြောင်း သိရသည်။ 

အာဏာသိမ်းစစ်တပ်က ကာပေါင်းကျရွာအား (၇) ကြိမ်မြောက် ဝင်ရောက်ရှာဖွေမှုအဖြစ် ဩဂုတ်လ (၂၆) ရက်နေ့ကတည်းက ရောက်ရှိ တပ်စွဲနေသဖြင့် ကျေးရွာတွင်းနေထိုင်သူများမှာ အနီးဝန်းကျင်တောထဲသို့ ထွက်ပြေးတိမ်းရှောင်ကြရာ အရပ်သားများတိမ်းရှောင်နေသည့် တောဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အပြင် လိုက်လံရှာဖွေပစ်ခတ်သံများလည်း ကြားရသည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းအပြင် ယမန်နေ့ကတည်းက ရွာထဲတွင် တပ်စွဲထားကာ ညပိုင်း၌ ရွာတွင်းမှ မီးလောင်မှုများကိုလည်း တွေ့ခဲ့ကြရသည်ဟု သိရသည်။

ကာပေါင်းကျဒေသခံများမှာ ယနေ့အထိ ကျေးရွာသို့ ပြန်မဝင်ရဲကြသဖြင့် လူသေဆုံးထိခိုက်ဒဏ်ရာရမှု၊ ဖမ်းဆီးခံရမှု၊ ကျေးရွာတွင်း ဖျက်ဆီးခံရမှုအခြေအနေများကိုအသေးစိတ်ကို မသိရသေးကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း တန့်ဆည်မြို့နယ်ကို လေကြောင်းမှ လှည့်လည်ကြည့်ရှုမှုလုပ်ခဲ့သည်ကိုလည်း တွေ့ရပြီးနောက် တန့်ဆည်မြို့ မြောက်ပိုင်းတကြောရှိ ကျေးရွာများကို အာဏာသိမ်းစစ်တပ်က လှည့်လှည်ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်း

တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က (၇)ကြိမ်မြောက် ဝင်ရှာဖွေပြီး တပ်စွဲထားဆဲ