စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်းရှိ ကာပေါင်းကျကျေးရွာတွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့ကတည်းက အာဏာသိမ်းစစ်တပ်က (၇) ကြိမ်မြောက် ဝင်ရောက်ရှာဖွေနေ၍ ကျေးရွာတွင် နေထိုင်သူများ ထွက်ပြေးနေရပြီး (၂၇) ရက်နေ့အထိ ရွာအတွင်း အာဏာသိမ်းတပ် တပ်စွဲထား၍ ပြန်မလာနိုင်သေးကြောင်း သိရသည်။
ယမန်နေ့ညကတည်းက ကျေးရွာအတွင်း ရောက်နေသည့် အာဏာသိမ်းစစ်တပ်က တိမ်းရှောင်သူများ ရှိသည်ဟုယူဆသည့် တောတန်းများဘက်သို့ ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ပြီး ကျေးရွာအတွင်းမှ မီးတောက်များလည်း မြင်ရသဖြင့် မီးရှို့ဖျက်ဆီးမှုများလည်းရှိမည်ဟု ခန့်မှန်းထားကြသော်လည်း ယနေ့ နံနက်ပိုင်းအထိ ကျေးရွာသို့ ပြန်မဝင်ရဲကြသဖြင့် အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း သိရသည်။
ဒါက ရွာကို (၇) ကြိမ်မြောက်ဝင်တာပါ။ ရွာကလူတွေလည်း ပြေးနေရဆဲ၊ အသတ်ခံနေရဆဲ၊ အဖမ်းခံနေရဆဲပဲ။ အခုက ရွာထဲ တပ်စွဲထားတယ်။ ဘယ်သူမှ မဝင်ရဲဘူး။ တောအထိ လိုက်ပစ်နေတယ်ပြောတယ်။ ပြေးနေကြရဆဲပဲ။ တွေ့ရာစား အသက်မသေရုံ ပြေးနေကြရတယ်။ ရွာမှာ ဖျက်ဆီးခံရတာလည်း အများကြီးပဲ။ အခြေအနေကိုဘာမှတော့ အတိအကျ မပြောနိုင်သေးဘူး။
ဟု ကာပေါင်းကျဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ (၂၇) ရက်နေ့ နေ့လယ်ပိုင်းတွင် ပြောကြားသည်။
ယမန်နေ့ညက အဖမ်းခံရသည့် လူငယ် (၂) ဦးအနက် သေဆုံးသူရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဒေသခံများ ကျေးရွာတွင်း မဝင်နိုင်သေးဘဲ တိမ်းရှောင်နေကြရဆဲဖြစ်၍ အတည်မပြုနိုင်ကြသေးကြောင်း သိရသည်။
တန့်ဆည်မြို့ မြောက်ပိုင်းတကြောရှိ ကျေးရွာများကို အာဏာသိမ်းစစ်တပ်က လှည့်လှည်ရှာဖွေမှုများ ပြုလုပ်နေပြီး ကာပေါင်းကျရွာတွင်းဝင်၍ မွှေနှောက်ရှာဖွေခြင်း၊ ရွာသားအချို့ကို ဖမ်းဆီးခြင်းများကို လုပ်ဆောင်နေသည်မှာ (၇) ကြိမ်ရှိနေပြီဖြစ်ပြီး ကာပေါင်းကျရွာတွင်နေထိုင်သူများမှာ လက်ရှိအချိန်ထိ ရှောင်တိမ်းနေကြရဆဲဖြစ်ကြောင်း သိရသည်။
တန့်ဆည်မြို့နယ်အတွင်း PDF များစခန်းချနိုင်သည်ဟု ယူဆသည့်နေရာများအား အာဏာသိမ်းစစ်တပ်က လိုက်လံရှာဖွေခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။
#TachileikNewsAgency