ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်များ တိမ်းရှောင်နေကြသည့် ဝမ္မသူးကျေးရွာကို အာဏာသိမ်းစစ်တပ် ဝင်ဖျက်ဆီး၍ စစ်ရှောင်များ နေရာပြောင်းကာထပ်မံ တိမ်းရှောင်နေရသည်ဟု မင်းတပ်မြို့နယ်စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲရေးကော်မတီက ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဝမ္မသူးကျေးရွာရှိ နေအိမ်များမှ ပစ္စည်းများ၊ စားသောက်ကုန်များကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကျေးရွာမှ ဒေသခံများနှင့် မြို့ပေါ်မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များ အခြားဒေသသို့ ထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။