အကြမ်းဖက်နှိပ်ကွပ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူများအပါအဝင် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ်အကူအညီ ဒေါ်လာ သန်း ၅၀ ကျော် အမေရိကန်ပြည်ထောင်စုက ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အကူအညီနှင့်ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး သောမတ်စ်-လင်ဒါ ဂရင်းဖီးလ်က ထိုင်းနိုင်ငံသို့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့ ခရီးစဉ်အတွင်း ထုတ်ဖေါ်အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာနှင့်အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့အစည်းများက အဆိုပါအကူအညီများဖြင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာရသူများ သို့မဟုတ် မြန်မာနိုင်ငံတလွှားမှ ၎င်းတို့၏နေအိမ်များကို စွန့်ခွာထွက်ပြေးလာရသူများ အပါအဝင် မြန်မာပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ၊ အသက်ကယ်တင်စောင့်ရှောက်ရေး၊ မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှု၊ ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရေးသန့်ရှင်းရေးဝန်ဆောင်မှုအကူအညီများကို ပေးအပ်နိုင်ရေးအတွက် လုပ်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မြန်မာပြည်သူများအပေါ် COVID-19 သက်ရောက်မှုများကို လျှော့ချပေးရန် အဆိုပါအကူအညီကို အသုံးပြုမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူများသည် အကြမ်းဖက်နှိမ်နှင်းမှုများမှ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ပြီး တိမ်းရှောင်နေရသည့် ပြည်သူများအတွက် အမေရိကန်ပြည်ထောင်စု၏ လူသားချင်းစာနာမှုအကူအညီကို သုံးစွဲမည်ဟု သိရသည်။
အမေရိကန်ပြည်ထောင်စုက ထိုင်းနိုင်ငံကိုလည်း COVID 19 တိုက်ဖျက်ရေးအတွက် အမေရိကန် ဒေါ်လာ (၅) သန်းအကူအညီပေးအပ်ကြောင်းကိုလည်း သံအမတ်ကြီး ဂရင်းဖီးလ်က ကြေညာသည်။