အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူလူထုကို ကိုယ်စားပြုသည့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်

 ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း - Photo: The Atlantic
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း - Photo: The Atlantic
အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူလူထုကို ကိုယ်စားပြုသည့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်
သြဂုတ် 8, 2021

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူလူထုနှင့်အတူ ရပ်တည်နေသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ အမေရိကန်ပြည်ထောင်စုအနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ၂၀၂၁ ခုနှစ် ဩဂုတ်လ (၇) ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

သံအမတ်ကြီးဦးကျော်မိုးထွန်းအပေါ် ခြိမ်းခြောက်မှုကို မိမိတို့တစ်ညီတစ်ညွတ်တည်း ကန့်ကွက်ရှုတ်ချပါသည်။ ထိုသို့ခြိမ်းခြောက်မှုမှာ အာဏာရှင်ခေါင်းဆောင်များနှင့် ၎င်းတို့ကို ထောက်ခံအားပေးသူများသည် ၎င်းတို့ကိုဆန့်ကျင်၍ ပြောရဲဆိုရဲစွာ ရပ်တည်ကြသည့် သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့်အခြားသူများကို အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာတစ်ဝန်းသို့လိုက်လံ နှိပ်ကွပ်ကြသည့် စိုးရိမ်ထိတ်လန့်ဖွယ်လုပ်ရပ်မျိုးဖြစ်သည်။

ဟု ကြေညာချက်တွင် ဖေါ်ပြထားသည်။

အမေရိကန်ပြည်ထောင်စု နယူးယော့မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်သည့် မြန်မာနိုင်ငံသား (၂) ဦးကို  အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ FBI က ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေပြီး သံအမတ်ကြီးအတွက် လုံခြုံရေးအစောင့်အရှောက်ပေးထားသည်ဟု ဩဂုတ်လ (၆) ရက်နေ့တွင် အမေရိကန်တရားရေးဌာနက သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

#TachileikNewsAgency