ပြည်သူများ၏ ၂၀၂၀ ရွေးကောက်ပွဲ ဆန္ဒမဲရလဒ်ကို အာဏာသိမ်းအဖွဲ့က ပယ်ဖျက်

ပြည်သူများ၏ ၂၀၂၀ ရွေးကောက်ပွဲ ဆန္ဒမဲရလဒ်ကို အာဏာသိမ်းအဖွဲ့က ပယ်ဖျက်
ဇူလိုင် 26, 2021

ပြည်သူများ၏ ဆန္ဒမဲဖြင့်ရွေးချယ်ထားသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်သည်ဟု နိုင်ငံ့အာဏာသိမ်းထားသည့်အဖွဲ့က ဇူလိုင်လ (၂၆) ရက်နေ့တွင် စစ်တပ်ပိုင်မီဒီယာကနေ ကြေညာလာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲ မဲစာရင်း၊ မဲရလဒ်များနှင့်ပတ်သက်၍ အများပြည်သူ၏ ကန့်ကွက်မှုမရှိဘဲ မိမိတို့စစ်ထားသည့် စာရင်းအရမဲစာရင်းမှားသည်ဟု စွပ်စွဲနေသည့် စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းထားခြင်းဖြစ်သည်။

ရွေးကောက်ပွဲစောင့်ကြည့်သည့် အဖွဲ့အားလုံးကလည်း ပြီးခဲ့သည့် ရွေးကောက်ပွဲသည် လွတ်လပ်မျှတသည်ဟု အသီးသီးထုတ်ပြန်ခဲ့ကြသော်လည်း စစ်တပ်က မိမိတို့ဘာသာစစ်သည့်မဲစာရင်းအရ မဲစာရင်းမှားသည်ဟု ဆိုကာ အာဏာသိမ်းထားပြီး စစ်တပ်က လူထု၏ ဆန္ဒမဲအပေါ် မလေးမစားလုပ်မှုကို လက်မခံသည့် ပြည်သူများအားလည်း အကြမ်းဖက်နှိမ်နှင်းနေရာ ယနေ့ ဇူလိုင်လ (၂၆) ရက်နေ့အထိ ကျဆုံးရသည့်ပြည်သူ (၉၃၄) ဦးအထိရှိနေပြီဖြစ်သည်။

ယင်းအပြင် COVID 19 ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်နေဆဲ အာဏာသိမ်းလိုက်သဖြင့် COVID 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိတော့သည့်ကာလအတွင်း COVID 19 တတိယလှိုင်းဖြစ်ပွားလာကာ ကုသမှုမရဘဲ သေဆုံးရသည့်ပြည်သူအများအပြားရှိနေချိန်၌ ပြည်သူ့ဆန္ဒမဲများအား ပယ်ဖျက်သည်ဟု အာဏာသိမ်းအဖွဲ့က ထပ်မံကြေညာလာခြင်းဖြစ်သည်။

#TachileikNewsAgency