ထိုင်းနိုင်ငံ အခြေစိုက် AAC က အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အတွက် မြန်မာငွေကျပ်သိန်း (၁,၅၀၀) နှင့် ကားတစ်စီး လှူဒါန်းထား

ထိုင်းနိုင်ငံ အခြေစိုက် AAC က အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အတွက် မြန်မာငွေကျပ်သိန်း (၁,၅၀၀) နှင့် ကားတစ်စီး လှူဒါန်းထား
ဇူလိုင် 14, 2021

ထိုင်းနိုင်ငံအခြေစိုက် AAC အဖွဲ့က NUG (အမျိုးသားညီညွတ်ရေးအစိုးရ)၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဌာနများအတွက် အသုံးပြုရန် မြန်မာငွေ ကျပ်သိန်း (၁,၅၀၀)နှင့် PDF များအသုံးပြုနိုင်ရေး ကားတစ်စီးကို ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း လှူဒါန်းထားသည်ဟု သိရသည်။

ကနဦးက သိန်း (၃၀၀) လှူထားတာရှိတယ်။ ဇူလိုင် (၁၀) ရက်နေ့က နောက်ထပ် သိန်း (၇၀၀) ထပ်ဖြည့်ပြီး ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနဆီကို မြန်မာကျပ်ငွေ သိန်း (၁,၀၀၀) တိတိလှူဒါန်းလိုက်ပါတယ်။ PDF တောင်ပိုင်းစစ်ဌာနချုပ်ကိုတာဝန်ယူထားတဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က လက်ခံရယူပါတယ်။ ဇူလိုင် (၁၁) ရက်နေ့ကတော့ ကျန်းမာရေးဝန်ကြီးဌာနထံကို သိန်း (၅၀၀) ကို ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေမှုန်ထံကို လှူဒါန်းပေးပါတယ်။ PDF တောင်ပိုင်းမှာ အသုံးပြုဖို့အတွက် ဘတ် (၄၉၀,၀၀၀) တန်ကားတစ်စီးလည်း လှူဒါန်းပေးထားပါတယ်

ဟု AAC မှ ကိုရဲမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

NUG အစိုးရဝန်ကြီးဌာနအသီးသီးထံသို့ ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့မှ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ၏ လှူဒါန်းမှုများဖြင့် အရေးပေါ်လိုအပ်နေသည့် နေရာများသို့ တိုက်ရိုက်ရောက်ရှိနိုင်ရန် ချိတ်ဆက်လှူဒါန်းမှုများပြုလုပ်နေပြီး NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ ယခင်ကလည်း ထိုင်းဘတ်ငွေ (၁) သန်း လှူဒါန်းပေးထားသည်ဟု သိရသည်။

AAC မဟာမိတ်အဖွဲ့မှ ဦးရဲမင်းသည် NUG အစိုးရ၏ ထိုင်းနိုင်ငံဆိုင်ရာ ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းပို့ဆောင်ရေး၊ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံအဖြစ် တာဝန်ပေးခံထားရသူဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လှူဒါန်းမှုများကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အရေးပေါ်လိုအပ်သည့်နေရာများသို့ တိုက်ရိုက်ချိတ်ဆက်လှူဒါန်းပေးနေခြင်းဖြစ်သည်။