စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာဘက်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့က အာဏာသိမ်းစစ်တပ်နှင့် ဒေသခံ PDF တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့ဝင် (၁၈) ဦးကျဆုံးခဲ့ရကာ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က (၄) ဦးသေသည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်သည့် တိုက်ပွဲနှစ်ကြိမ်အတွင်း အာဏာသိမ်းစစ်ကောင်စီဘက်မှ (၄) ဦးသေပြီး (၇) ဦးဒဏ်ရာရရှိသွားကာ PDF မှ တပ်ဖွဲ့ဝင် (၁၈) ဦးကျဆုံး၊ (၁၀) ဦးထိခိုက်ဒဏ်ရာရရှိကာ ဒေသခံ (၂) ဦး ဖမ်းစီးခံခဲ့ရကြောင်း ဒီပဲယင်း PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဇူလိုင်လ (၂) ရက်နေ့ နံနက် (၆) နာရီခန့်တွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်က အင်အား (၁၅၀) ခန့်ပါဝင်သည့် မော်တော်ယာဉ် (၄) စီးဖြင့် ရောက်လာသဖြင့် ဆပ်ပြာကျင်း၊ ဘုတ်၊ အုန်းဒင်၊ ကျွန်းတောကြီး၊ ကျွန်းတောလေးနှင့် အင်ပင်ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး နံနက် (၈) နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်တပ်အဖွဲ့က ကျေးရွာများဘက်သို့ လက်နက်ကြီး အချက် (၃၀) ခန့်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး လက်နက်ငယ်များ၊ စက်သေနတ်များဖြင့်ပါ ဆက်တိုက်ပစ်ခတ်ခဲ့သဖြင့် ဒေသခံ PDF များက ပြန်လည်ခုခံရာ နံနက် (၁၀) နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ တပ်က နေ့လယ် (၂) နာရီဝန်းကျင်တွင် ကျွန်းတောလေးကျေးရွာဘုန်းကြီးကျောင်း၌တပ်စွဲပြီး ကျေးရွာဘက်သို့ လက်နက်ကြီး အချက် (၄၀) ခန့်ပစ်ခတ်ကာ လက်နက်ငယ်များ၊ စက်သေနတ်များဖြင့် ထပ်မံပစ်ခတ်၍ ဒေသခံ PDF များက ပြန်လည်ခုခံရာ ညနေ (၆) နာရီအထိ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။