ပုလဲမြို့နယ် NLD ရုံးကို အကြမ်းဖက်ဝင်ရောက် ဖျက်ဆီးသွားသည့် စစ်သားများက စစ်တပ်အားပေးထောက်ခံသူ၏ ဆိုင်ကယ်(၂)စီးပါ ယူဆောင်သွား

ပုလဲမြို့နယ် NLD ရုံးကို အကြမ်းဖက်ဝင်ရောက် ဖျက်ဆီးသွားသည့် စစ်သားများက စစ်တပ်အားပေးထောက်ခံသူ၏ ဆိုင်ကယ်(၂)စီးပါ ယူဆောင်သွား
ဇွန် 26, 2021

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပုလဲမြို့နယ်ရှိ ပုလဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးအား အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားများက ယနေ့ ဇွန်လ(၂၆)ရက်နေ့ နေ့လည်ပိုင်းက  အကြမ်းဖက် ဝင်ရောက် ဖျက်ဆီးမှုများ လုပ်ဆောင်သည့်အပြင် ရုံးအနီးရှိ ကွမ်းယာဆိုင်မှ စစ်တပ်အားပေးထောက်ခံသူ၏ ဆိုင်ကယ် (၂)စီးကို ယူဆောင်သွားကြောင်း သိရသည်။

ရုံးက ပုလဲအထွက်မှာဆိုတော့ ရုံးရဲ့အနောက်ဘက်မှာက ကားဝပ်ရှော့ရှိတယ်။ ကားဝပ်ရှော့မှာရှိတဲ့ ကားတစ်စီးရယ်၊ TV မှန်ရယ် ရိုက်ခွဲသွားတယ်။ ရုံးရှေ့က လဝန်း လက်ဖက်ရည်ဆိုင်ကိုလည်း ဝင်စစ်သွားတာ။ ဖုန်းတွေ စစ်တယ်။ ကားဝပ်ရှော့ရဲ့ အနောက်ဖက်မှာ ယက္ခ ကွမ်းယာဆိုင်ရှိတယ်။ အဲ့ဒီယက္ခ ကွမ်းယာဆိုင်က စစ်တပ်ဖက်ကို ထောက်ခံတာ။ သူတို့ဆိုင်ကယ်(၂)စီး ပါသွားတယ်။ အဲ့တော့ သူတို့က ပြောတာပေါ့ ကျွန်တော်တို့က အစိမ်းတွေပါ။ စစ်တပ်ကိုထောက်ခံတဲ့သူတွေပါလို့ ပြောလဲ မရဘူး။ ဆိုင်ကယ်တွေကို စီးပြီး ယူသွားတာပေါ့။

ဟု ပုလဲဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၆)ရက်နေ့ ညနေပိုင်းက ပြောသည်။

မြို့နယ် NLD ရုံးအား ပိတ်ထားသည်မှာ ကြာနေပြီဖြစ်သည့်အပြင် ရုံးစောင့်နှင့် ပါတီဝင်များလည်း တစ်ဦးမှ မရှိကြောင်းနှင့် ရုံးတွင် သေနတ်များ ပစ်ဖောက်ပြီး ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်ဖောက်သံတွေ အကြာကြီး ကြားပြီးမှာမှ NLD ရုံးကို ရိုက်ခွဲဖျက်ဆီးတယ်၊ မှန်တွေကိုလည်း ရိုက်ခွဲတယ်၊ အတွင်းပစ္စည်းတွေကိုလည်း အကုန်ရိုက်ခွဲတာ။ သေနတ်ကျည်ခွံတွေလည်း တွေ့တယ်

ဟု အဆိုပါ ရုံးသို့ သွားရောက်ကြည့်ခဲ့သူ တစ်ဦးက ပြောပြသည်။

ပုလဲမြို့ကို ဖြတ်သွားသည့် စစ်ကားများမှာ အနည်းဆုံး (၂၅)စီးကျော်ရှိပြီး ကားပေါ်တွင် ဖမ်းဆီးခံထားရသူများကိုလည်းတွေ့ရကြောင်း ဆိုသည်။

သူတို့ စစ်ကားပေါ်မှာ ဖမ်းလာတဲ့ အမျိုးသမီးလေးတွေ ာ(၂၀)လောက်ရှိမယ်။ အမျိုးသားတွေလည်းပါတယ် နည်းတယ်။ ချောင်းကြည့်ရတာဆိုတော့ အရေအတွက်တော့ သေချာ မသိဘူး။

ဟု ဒေသခံတစ်ဦးက ပြောပြသည်။

အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကားများသည် ပုလဲမြို့ကို ဖြတ်သန်းသွားလေ့ရှိပြီး ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကား(၃)စီး မိုင်းခွဲခံရမှုကြောင်း စစ်သား(၄၅)ဦးအထိ သေဆုံးမှုရှိခဲ့ပြီး ယနေ့ ဇွန်လ(၂၆)ရက်နေ့ ညနေပိုင်းအချိန်အထိ မင်းတိုင်ပင်ကျေးရွာအနီး တောင်ပေါ်တွင် စစ်သားများ ကျန်ရှိနေသေးကြောင်းလည်း သိရှိရသည်။