ယင်းမာပင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီမှ ဒေသခံပြည်သူများ၏ နေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး  မီးရှို့ဖျက်ဆီး

ယင်းမာပင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီမှ ဒေသခံပြည်သူများ၏ နေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး  မီးရှို့ဖျက်ဆီး
ဇွန် 23, 2021

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကေးရွာအနီးတွင် ဒေသခံ PDF တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များအကြားတိုက်ပွဲဖြစ်ပွားနေရာတွင် စစ်တပ်မှကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေအိမ်များကိုပါ မီးရှို့ဖျက်စီးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဇွန်လ (၂၂) ရက်နေ့ နံနက်ပိုင်းအချိန်ကစတင်ပြီး အာဏာသိမ်းစစ်ကောင်စီမှ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အစပ်တွင် စစ်ကား (၃) စီးဖြင့်ရောက်ခဲ့ရာပြီး ဒေသခံ PDF များဖြင့် တိုက်ပွဲဖြစ်ပွားရာတွင် စစ်တပ်ဖက်မှ (၅) ဦးထက် မနည်း ကျဆုံးခဲ့ပြီး  နောက်ထပ်စစ်ကား (၂) စီး ထပ်မံရောက်ရှိလာကာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ နေအိမ်များကိုမီးရှိုဖျက်စီးခြင်းများ လုပ်ဆောင်ခဲ့သည်။

ဇွန်လ (၂၂) ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ယင်းမာပင်မြို့နယ်ရှိ၊ တရော်ကျင်းရွာနှင့် ရွာလေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ညပိုင်းတွင် ကျေးရွာများအတွင်းသို့ ဝင်ရောက်ဖျက်စီးမှုများလုပ်ဆောင်ခဲ့ကာ ယင်းမာပင်မြို့နယ်နှင့် ကနီးမြို့နယ်အစပ်ရှိ ဘန်ဘွေးထန်းဇင်တောပြင်ဒေသမှ နေအိမ် (၈) လုံးကို မီးရှိုဖျက်ဆီးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်စစ်တပ်မှ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ဒေသခံ PDF များနှင့် တိုက်ပွဲဖြစ်ပွားနေသဖြင့် ယင်းမာပင်ခရိုင်အတွင်း သွားလာနေသည့် မော်တော်ယာဉ်များ  ကားမှန်များချမောင်းနှင်ရန်လည်း ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ ဇွန်လ (၂၃) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။