ကျောက်ကြီးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ပြန်ဖွင့်ရန် နှင့် အင်းများလေလံဆွဲယူရန် အာဏာသိမ်းစစ်ကောင်စီက ဒေသခံများကို ဖိအားပေးခြိမ်းခြောက်

ကျောက်ကြီးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ပြန်ဖွင့်ရန် နှင့် အင်းများလေလံဆွဲယူရန် အာဏာသိမ်းစစ်ကောင်စီက ဒေသခံများကို ဖိအားပေးခြိမ်းခြောက်
ဇွန် 17, 2021

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကရင်ကျေးရွာများတွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် အင်းများလေလံဆွဲကြရန် အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် ဒေသခံများအား ခေါ်ယူကာ ဖိအားပေးခြိမ်းခြောက်သည်ဟု သိရသည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ ထိုးဝါးစိုက်ကျေးရွာအုပ်စု၊ ဂမုန်းအိုင်ကျေးရွာအုပ်စု၊ အင်းနက်ကျေးရွာအုပ်စု၊ အုန်းပင်ဆိပ်ကျေးရွာအုပ်စုနှင့် ကျောက်စရစ်ကျေးရွာအုပ်စုများမှ ဒေသခံများကို ကျောက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဗျူဟာမှူးတို့က ဇွန်လ (၁၆) ရက်နေ့တွင်ခေါ်ယူကာ ကျေးရွာများတွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ကြရန်နှင့် မဖွင့်ပါက ရွာများကို မီးရှို့မည်ဟု ခြိမ်းခြောက်ကြောင်း သိရသည်။

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီက ဒေသခံများအနေဖြင့် ဒေသတွင်းမှ အင်းလေလံများကို လေလံဝင်ဆွဲကြရန်နှင့် လေလံမဆွဲပါက အခြားဒေသမှ လုပ်ငန်းရှင်များကိုပေးမည်ဟု ခြိမ်းခြောက်သည့်အပြင် KNU ကိုလည်း ဆတ်ကြေးကောက်ပြီး ဒေသဖွံ့ဖြိုးရေးကို နှောင့်ယှက်သည့်အဖွဲ့ဟု စွပ်စွဲပြောဆိုသည်ဟု သိရသည်။

ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ ရေတွင်းကုန်းကြီးကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာ၊ အုန်ပင်စုကျေးရွာနှင့် ရေတွင်းကုန်းလေးကျေးရွာများတွင်လည်း ဇွန်လ (၁) ရက်နေ့က ဒေသခံများအား စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ကြရန် အာဏာသိမ်းအဖွဲ့က ဖိအားပေးပြောဆိုနေသည်ဟု သိရသည်။

အာဏာသိမ်းအဖွဲ့က နိုင်ငံအတွင်း အခြေခံပညာကျောင်းများဖွင့်ရန် လုံးပမ်းနေသော်လည်း အာဏာဖီဆန်ရေးလုပ်နေသည့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကြောင့် ကျောင်းအပ်သူအရေအတွက် အလွန်နည်းပါးနေရာ ကျောင်းဖွင့်ရန်၊ ကျောင်းအပ်ရန် ဖိအားပေးခြိမ်းခြောက်မှုများ လုပ်လာသည်ကို တွေ့ရသည်။