မင်းတပ်မြို့နယ်တွင် တိုက်ပွဲများကြောင့် သယ်ယူရေးလမ်းကြောင်းများ ပိတ်ဆို့နေပြီး ကူညီရေးကော်မတီဝင်များလည်း ဘေးလွတ်ရာပြောင်းရွေ့နေရ

မင်းတပ်မြို့နယ်တွင် တိုက်ပွဲများကြောင့် သယ်ယူရေးလမ်းကြောင်းများ ပိတ်ဆို့နေပြီး ကူညီရေးကော်မတီဝင်များလည်း ဘေးလွတ်ရာပြောင်းရွေ့နေရ
ဇွန် 13, 2021

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ဒေသခံ PDF များအကြား တိုက်ပွဲများဖြစ်ပွားနေသဖြင့် စားနပ်ရိက္ခာသယ်ယူရေးလမ်းကြောင်းများ ပိတ်ဆို့နေပြီး စစ်ဘေးရှောင်ကူညီရေးကော်မတီဝင်များလည်း ဘေးလွတ်ရာသို့ ပြောင်းရွေ့နေရသည်။



မင်းတပ်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ယှက်၊ ရွှေအောင်သာနှင့် ဘုရားစခန်း(ချောင်းဆုံ) တိုက်ပွဲများတွင် အာဏာသိမ်းစစ်တပ်မှ ဒေသခံစစ်ရှောင်စခန်းများကို ပစ်ခတ်တိုက်ခိုက်မှုများရှိနေသဖြင့် စစ်ဘေးရှောင်များမှာ ဆွေမျိုးများရှိရာ ကျေးရွာများနှင့် တောများထဲတွင်နေထိုင်နေရပြီး Mindat Township IDPs Camp ကော်မတီဝင်များမှာလည်း အခြေစိုက်နေရာများမှ လုံခြုံရာနေရာများသို့ ထပ်မံတိမ်းရှောင်နေရသည်။



ချင်းပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်မှ စစ်အင်အားတိုးချဲ့လာပြီး စစ်ဘေးရှောင်များနေထိုင်သည့် ကျေးရွာများကို ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးများ သယ်ယူရန်လမ်းကြောင်းများ ပိတ်ဆို့နေခြင်းကြောင့် ကော်မတီဝင်များမှ နိုင်ငံတကာအဖွဲ့အစည်းများ၊ NGOs၊ INGOs၊ ပြည်တွင်း၊ ပြည်ပအလှူရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။



ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်မှ ထိုးစစ်ဆင်မှုများဆက်တိုက်ပြုလုပ်နေသဖြင့် စစ်ဘေးရှောင် (၁၀,၀၀၀) ကျော်ရှိနေပြီး စားနပ်ရိက္ခာပို့ဆောင်သည့် လမ်းကြောင်းအများစုကို ထိန်းချုပ်ထားသဖြင့် စစ်ဘေးရှောင်များအတွက် အခက်အခဲဖြစ်ပေါ်နေသည်။